အရှေ့တရုတ်ပင်လယ်ပြင်အတွင်း နစ်မြုပ်သွားသော ကုန်တင်သင်္ဘောမှ မြောက်ကိုရီးယားသင်္ဘောသားများကို ဂျပန် ကယ်ဆယ်

အရှေ့တရုတ်ပင်လယ်ပြင်အတွင်း နစ်မြုပ်သွားသော ကုန်တင်သင်္ဘောမှ မြောက်ကိုရီးယားသင်္ဘောသားများကို ဂျပန် ကယ်ဆယ်

ဇန်နဝါရီ ၁၂ ။            ။ အရှေ့တရုတ်ပင်လယ်ပြင်တွင်း နစ်မြုပ်ခဲ့သော ကုန်တင်သင်္ဘောပေါ်မှ မြောက်ကိုရီးယား သင်္ဘောသား ၂၆ ဦးအား ဇန်နဝါရီ ၁၂ ရက်က ဂျပန် ကမ်းခြေစောင့်အဖွဲ့က ကယ်တင်ပေးခဲ့ရကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပင်လယ်ပြင်အတွင်း တိမ်းမှောက်နစ်မြုပ်ခဲ့သော သင်္ဘောမှ စွန့်ခွာလာကြသည့် သင်္ဘောသားအားလုံးကို ဂျပန် ကမ်းခြေစောင့်ရေယာဉ်စုက ကယ်ဆယ်ခဲ့ရခြင်းဖြစ်သည်။

နာကာဆာကီ စီရင်စု ဖူကွီကျွန်း အနောက်တောင်ဘက် ကီလိုမီတာ ၆၀ (၃၇ မိုင်) အကွာတွင် တန်ချိန် ၆,၅၅၈ ရှိ မြောက်ကိုရီးယား ကုန်တင်သင်္ဘော Chong Gen နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းအခြေအနေတွင် အချက်ပြမှုကို ဂျပန်ကမ်းခြေစောင့်တပ်မှ သိရှိကာ သွားရောက်ကယ်ဆယ်ခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ယင်းနေ့ အာရုံမတက်မီအချိန်တွင် သင်္ဘောမှာ ဖူကွီကျွန်းမှ ၂၇ ကီလိုမီတာအကွာတွင် နစ်မြုပ်သွားခဲ့ကြောင်းလည်း သိရသည်။

လွတ်မြောက်လာသော မြောက်ကိုရီးယား သင်္ဘောသားများ၏ အဆိုအရ သင်္ဘောမှာ မြောက်ကိုရီးယား၏ Nampo ဆိပ်ကမ်းမှတဆင့် အရှေ့ဘက်ကမ်းခြေမြို့ Wonsan သို့ ဆန်တင်ပို့ရန် ခုတ်မောင်းလာသည့် သင်္ဘောဖြစ်သည်ဟု ဆိုသည်။

" သင်္ဘောသားတွေအားလုံးက တော့ ဘေးကင်းခဲ့ပါပြီ၊ ဒဏ်ရာရသူလည်း မရှိပါဘူး၊ သင်္ဘောနစ်မြုပ်ရတဲ့အကြောင်းရင်းကိုလည်း စစ်ဆေးနေပါတယ်" ဟု ဂျပန်ကမ်းခြေစောင့်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သို့သော် ဂျပန်-မြောက်ကိုရီးယား နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှုများ ရှိမနေသဖြင့် ယခုသင်္ဘောသားများ ပြန်ပို့ရေးကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ဆုံးဖြတ်ချက်မချရသေးကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly