မကွေးတိုင်းပွင့်ဖြူတရားသူကြီးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးအရ အရေးယူဆောင်ရွက်ရန်ရှိ

မကွေးတိုင်းပွင့်ဖြူတရားသူကြီးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးအရ အရေးယူဆောင်ရွက်ရန်ရှိ

ဇန်နဝါရီ ၁၂ ။            ။ လုပ်ပိုင်ခွင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ လာဘ်ငွေ ကျပ်(၅)သိန်းရယူခဲ့သည်ဟုဆိုသော မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် တရားသူကြီး ဒေါ်အဉ္ဇလီမြရှိန်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆အရ တရားစွဲဆိုအရေးယူရန် ဆောင်ရွက်ရာ ထွက်ပြေးတိမ်ရှောင်နေသဖြင့် အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရှိရသည်။

ထိုသို့ထွက်ပြေးတိမ်းရှောင်နေသဖြင့် မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ၂၀၁၃ခုနှစ် ၊အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆/ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း အစိုးရအဖွဲ့ထံမှ သိရသည်။

ပွင့်ဖြူမြို့နယ် တရားသူကြီး ဒေါ်အဉ္ဇလီမြရှိန်သည် ယစ်မျိုးဥပဒေအရ တရားစွဲဆိုခံရသူများအနက် ၎င်းအား ငွေမပေးသူများကို ထောင်ဒဏ်ချမှတ်ပြီး ငွေပေးသူများအား ငွေဒဏ်သာ ချမှတ်ခဲ့သဖြင့် အရေးယူပေးပါရန် တိုင်ကြားလာခြင်းအပေါ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၂၁(ဂ) (၃)နှင့်အညီ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ လွှဲပြောင်းပေးခဲ့သည်။

“ အကျင့်ပျက်ခြစားတဲ့ ဝန်ထမ်းတွေကို ပညာပေး စည်းရုံးသိမ်းသွင်းပါတယ်။ မတတ်သာတဲ့အဆုံး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တာဝန်ပေးတိုင်ကြားလို့ စုံစမ်းစစ်ဆေးခံရပြီး အရေးယူခံရမယ့် ပွင့်ဖြူမြို့နယ်တရားသူကြီး ထွက်ပြေးတိမ်ရှောင်နေပါတယ် ။ ခရိုင်ပညာရေးမှူးတစ်ဦးကိုလည်း ကော်မရှင်က စုံစမ်းစစ်ဆေးပြီး အရေးယူရန်ရှိပါတယ်။   မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး တစ်ဦးကိုလည်း တာဝန်က ရပ်စဲခဲ့ပြီးပါပြီ ” ဟု မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို က မဇ္ဈိမသို့ ပြောသည်။

ယင်းအမှုအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပွင့်ဖြူမြို့နယ်တရားသူကြီးသည် ပွင့်ဖြူမြို့နယ်တရားရုံး၏ ရာဇဝတ်ကြီးမှုအမှတ် (၂၁၉/၂၀၁၆)၊ယစ်မျ ိုးဥပဒေ ပုဒ်မ ၃၀(က)အမှုတွင် အမှုပြီးပြတ်စေရေးအတွက် အဆိုပါအမှုအား လိုက်ပါဆောင်ရွက်သောရှေ့နေမှတစ်ဆင့် ငွေငါးသိန်းကျပ် တောင်းခံရယူခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တရားရုံး၏ ရာဇဝတ်ကြီးမှု အမှတ်(၂၉၄/၂၀၁၆)၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)အမှုတွင် တရားခံအပေါ် ပြစ်ဒဏ်သက်ညှာစွာ ချမှတ်ပေးနိင်ရန် တရားခံ၏ ဇနီးသည်ထံမှ ကျပ်ငွေငါးသိန်း လက်ခံရယူခြင်းတို့ကြောင့် လုပ်ပိုင်ခွင့် အာဏာရှိသူတစ်ဦးဖြစ်ကာ ရာထူးတာဝန်ကို အလွဲသုံးစာပြု၍ လာဘ်ငွေရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၂၀၁၃ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ တရားစွဲဆို ဆောင်ရွက်ရာမှ ထွက်ပြေးတိမ်းရှောင်နေသည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly