နယ်စပ်တံတိုင်း တည်ဆောက်မှုအတွက် ကုန်ကျစရိတ် ကျခံပေးမည် မဟုတ်ဟု မက္ကဆီကို ပြော

နယ်စပ်တံတိုင်း တည်ဆောက်မှုအတွက် ကုန်ကျစရိတ် ကျခံပေးမည် မဟုတ်ဟု မက္ကဆီကို ပြော

ဇန်နဝါရီ ၁၂ ။                ။ နှစ်နိုင်ငံအကြား နယ်စပ်တံတိုင်း တည်ဆောက်ရန်အတွက် ကုန်ကျစရိတ်ကျခံပေးရန် ဒေါ်နယ်ထရန့်၏ တောင်းဆိုနေမှုအပေါ် မက္ကဆီကို သမ္မတ အင်းနရစ် ပီနာ နီတိုက ထပ်မံငြင်းဆန်ပယ်ချသွားသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သို့သော် တံတိုင်းတည်ဆောက်မှုအတွက် ကုန်ကျစရိတ်ပေးမည်မဟုတ်သော်လည်း မကြာမီ အမေရိကန်သမ္မတဖြစ်လာတော့မည့် ဒေါ်နယ်ထရန့်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိရန် ကြိုးပမ်းသွားမည်ဟု မက္ကဆီကို သမ္မတက ပြောသည်။

တံတိုင်းတည်ဆောက်မှုအတွက် မက္ကဆီကိုတို့အနေဖြင့် ကုန်ကျစရိတ်ကျခံပေးရလိမ့်မည်ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ဒေါ်နယ်ထရန့်က ထပ်မံသတိပေးပြောကြားသွားပြီးနောက် နာရီပိုင်းအကြာတွင် ပီနာ နီတိုက အထက်ပါအတိုင်း တုန့်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

" မိမိတို့ အစိုးရအနေနဲ့ နောင်တက်လာမယ့် အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးကောင်းဖို့တော့ လုပ်ဆောင်သွားမှာပါ" ဟု ပီနာ နီတိုက ပြောသည်။

" ကျွန်တော်တို့ နှစ်နိုင်ငံအကြား ဆက်ဆံရေးကို အဓိပ္ပါယ်ဖွင့်ရမယ့် ကိစ္စရပ်တွေအားလုံးကတော့ စားပွဲမှာ ထိုင်ပြီး ဆွေးနွေးရမှာပါ၊ လုံခြုံရေး၊လူဝင်မှု ကြီးကြပ်ရေး နဲ့ ကုန်သွယ်မှုတို့ အပါအဝင်ပေါ့" ဟု ၎င်းက ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly