တိုင်းရင်းသား ခေါင်းဆောင်များ သဘာဝ သယံဇာတ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနေ

တိုင်းရင်းသား ခေါင်းဆောင်များ သဘာဝ သယံဇာတ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနေ

ချင်းမိုင်၊ဇန်နဝါရီလ ၁၁ ။           ။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်များနှင့် လူထုအခြေပြု အဖွဲ့အစည်းများက သဘာဝ သယံဇာတနှင့် ပတ်သက်၍ လေ့လာသော အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပနေသည်။

“သဘာဝသယံဇာတ ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှု၊ မျှဝေခြင်း၊ သက်ရောက်မှုများ” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးမှုကို တိုင်းရင်းသားလူမျိုးများရေးရာစင်တာ(ENAC) မှ ကမကထ ပြုလုပ်၍ ကျင်းပနေခြင်း ဖြစ်သည်။

“သဘာဝသယံဇာတအပေါ်မှာ တစ်ချို့နိုင်ငံတွေမှာ ဘယ်လို ခွဲဝေသတ်မှတ်တယ်။ တို့နိုင်ငံမှာလည်း ဘယ်သူက ပိုင်တယ်။ ဘယ် သူက စီမံခန့်ခွဲကြမလဲ။ ဘယ်လို ခွဲဝေကြမလဲ စတဲ့ကိစ္စတွေ နည်းလမ်းရှာကြတာပါ”ဟု UNFC ၏ ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေးနှင့် နိုင်ငံတကာမှ ငြိမ်းချမ်းရေးတည်ဆောက်သည့် နေရာတွင် သယံဇာတ ခွဲဝေရေး အပါအဝင် ဖြေရှင်းခဲ့မှုများ ရှိသဖြင့် မြန်မာနိုင်ငံတွင်လည်း ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် သယံဇာတ ခွဲဝေမှုကိုလည်း ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ ဆွေးနွေးကြခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“အနာဂတ်မှာ ဖွဲ့စည်းပုံ ပြင်ရင် သဘာဝသယံဇာတကိစ္စက ဒီကနေ့ ၂၀၀၈ ဖွဲ့စည်းပုံအရဆိုရင် ဗဟိုအစိုးရကပဲ အားလုံး ပိုင်နေတယ်။ ဒေသခံတွေကတော့ ဒေသလည်း ပျက်စီး၊ ကိုယ့်မှာလည်း ဘာမှ အကျုးိခံစားခွင့် မရှိဘူး။ ဒုက္ခနဲ့တောင် ရင်ဆိုင်နေရတယ် ”ဟု သူက ပြောသည်။

ပထမနေ့ ဆွေးနွေးမှုတွင် ENAC မှ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ် ကျောက်စိမ်းတွင်းဒေသများသို့ သွားရောက် လေ့လာ၍ ရေးသားထားသည့် သဘာဝ သယံဇာတ စာတမ်း(မူကြမ်း)ကို ပြန်လည် တင်ပြဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ၏ ရေနံနှင့် သဘောဝ ဓါတ်ငွေ့ ရင်းနှီးမြှုပ်နှံမှုနှင့် ဝင်ငွေ၊ သဘာဝ သယံဇာတ ထုတ်ယူသုံးစွဲမှုတွင် ဗဟိုဦးစီးချုပ်ကိုင်မှု လျှော့ချရန် ရခိုင်ပြည်နယ်၏ လှုပ်ရှားမှုများနှင့် ကချင်ပြည်နယ် သဘာဝ သယံဇာတ အခြေအနေများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags