နိုင်ငံကြီးများကြား အစွန်းလွတ်အောင် နေရန် နိုင်ငံငယ်များကို တရုတ်က စက္ကူဖြူစာတမ်းထုတ်ကာ သတိပေး

နိုင်ငံကြီးများကြား အစွန်းလွတ်အောင် နေရန် နိုင်ငံငယ်များကို တရုတ်က စက္ကူဖြူစာတမ်းထုတ်ကာ သတိပေး

ပေကျင်း၊ ဇန်နဝါရီ ၁၁  ။            ။ တရုတ်နိုင်ငံက အာရှ-ပစိဖိတ် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအရေးနှင့်ပတ်သက်ပြီး ပထမဆုံးစက္ကူဖြူစာတမ်းကို ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ပြန်သည်။

ဆင်ဟွာသတင်းဌာနက အပြည့်အစုံဖော်ပြသည့် အချက်ခြောက်ချက်ပါ ယင်းစာတမ်းတွင် တရုတ်နိုင်ငံက “နိုင်ငံငယ်များ၊ နိုင်ငံလတ်များအနေနဲ့ နိုင်ငံကြီးများကြားတွင် အစွန်းလွတ်အောင်နေ၍ ဘက်မလိုက်မိဖို့ လိုကြောင်း”အတိအလင်း ဖော်ပြထားသည်။

“နိုင်ငံတိုင်းက ထိပ်တိုက်ရင်ဆိုင်မှုအစား ဆွေးနွေးမှုလမ်းကြောင်းသစ်ကို ဖော်ဆောင်ရန် ပူးပေါင်းအားထုတ်သင့်ကြောင်း၊ အုပ်စုဖွဲ့ခြင်းအစား မိတ်ဖက်ပြုရမည်ဖြစ်ကြောင်း၊ အာရှ-ပစိဖိတ်မိတ်ဖက်ပြုခြင်းဖြင့် အပြန်အလှန်ယုံကြည်မှု၊ ပူးပေါင်းပါဝင်မှုနှင့် အပြန်အလှန်အကျိုးစီးပွားဖော်ဆောင်မှုတို့ကို တည်ဆောက်သွားရမည်ဖြစ်ကြောင်း။” စက္ကူစာတမ်းတွင် ဖော်ပြသည်။

ထပ်မံ၍ တရုတ်အနေဖြင့် ဒေသတွင်းနှင့် ကမ္ဘာ့လုံခြုံရေးတို့အတွက် ပိုမိုတာဝန်ခံသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြသည်။ “တရုတ်နိုင်ငံက ဆွေးနွေးပွဲများကတစ်ဆင့် လုံခြုံဘေးကင်းရေးကို ဖော်ဆောင်ရန် အသင့်ရှိသည်။ အပြန်အလှန်အကျိုးစီးပွားရလဒ်ပေါ်ထွန်းရေး ပူးပေါင်းဆောင်ရွက်မည့် စိတ်နေသဘောထားရှိထားသည်။ ဒေသတွင်းအခြားသောနိုင်ငံများနှင့် အာမခံချက်ရှိသော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့ကို ဖော်ဆောင်သွားလိုသည်။”ဟု ရေးသားထားသည်။

တောင်တရုတ်ပင်လယ် တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးတို့ကို ဆက်လက်ဆုပ်ကိုင်ထားဆဲဖြစ်ကာ ယင်းအရေးကို အာဆီယံနိုင်ငံများနှင့် ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ဖော်ပြပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly