ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုမှာ အိမ်စီးကားအပါအဝင် အခြားယာဉ်များ ရဝ ရာခိုင်နှုန်းနေရာ ယူထားခြင်းကြောင့်ဖြစ်

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုမှာ အိမ်စီးကားအပါအဝင် အခြားယာဉ်များ ရဝ ရာခိုင်နှုန်းနေရာ ယူထားခြင်းကြောင့်ဖြစ်
ဓာတ်ပုံ-သူရ
 

ရန်ကုန်၊ ဇန်နဝါရီလ ၁၁ ။                  ။ ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှုများ၏ ၃၀ ရာခိုင်နှုန်းမှာ လိုင်းကားများဖြစ်ပြီး ကျန် ၇၀ ရာခိုင်နှုန်းမှာ အိမ်စီးကား အပါအဝင် အခြားယာဉ်များ   နေရာယူထားခြင်းကြောင့် ဖြစ်သည်ဟု လျှပ်စစ်၊ စက်မှု လက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

အဆိုပါ  ၃၀ ရာခိုင်နှုန်းရှိသော လိုင်းကားများကို စီးနင်းနေသည့် ခရီးသည်အရေအတွက် မှာ  လူဦးရေ ၂၀ သိန်းဝန်းကျင်ရှိပြီး  လက်ရှိနေ့စဉ်သွားလာနေသော လူဦးရေ၏ ၈၀ ရာခိုင်နှုန်းဖြစ်နေသည်ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့တွင်း၌ နေ့စဉ်သွားလာနေသော ခရီးသည်ဦးရေမှာ စုစုပေါင်း ၂၈ သိန်းဝန်းကျင်ခန့်ရှိပြီး လူဦးရေ  ၈ သိန်းဝန်းကျင်မှာ ရထားစီးသူများနှင့် အခြားကားများကို စီးနင်းသူများ ဖြစ်ကြောင်း  ဂျန်ပန်နိုင်ငံမှ ပညာရှင်များ၏ လေ့လာချက်အရ သိရသည်။

ထို့ကြောင့် အများပြည်သူများမှ လိုင်းကားများဖြင့် ပိုမိုသွားလာနိုင်ပါက ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်မည်ဖြစ်သောကြောင့် ပိုမိုကောင်းမွန်သော ယာဉ်လိုင်းစနစ်သစ်သို့   ပြောင်းလဲလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

" အဲ့ဒီလိုင်းကားတွေကို စီးနေတဲ့ ဦးရေကကြတော့ ၈ဝ ရာခိုင်နှုန်းရှိပါတယ်။ အဲ့ဒီအတွက် ကျွန်မတို့အနေနဲ့ ခရီးသွားပြည်သူတွေ စိတ်ချမ်းချမ်းသာသာနဲ့ သွားလာနိုင်ဖို့ နိုင်ငံတကာမှာလိုပဲ သာမာန် လူလတ်တန်းစားပဲ ဖြစ်ဖြစ်၊ တော်ရုံအရာရှိပဲဖြစ်ဖြစ် အားလုံးဟာ ဒီအများပြည်သူသယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းတွေကို စီးနင်းပြီး စိတ်ချမ်းသာစွာ သွားလာနိုင်ဖို့အတွက် ဒီစနစ်ကို   ပြောင်းလဲတာဖြစ်ပါတယ ်"ဟု ဒေါ်နီလာကျော်က ရှင်းပြသည်။

ရန်ကုန်မြို့အတွင်း အများပိုင်သယ်ယူပို့ဆောင်ရေးစနစ်သစ်ဖြင့် ယာဉ်လိုင်းများ မကြာမီစတင်ပြေးဆွဲတော့မည် ဖြစ်ရာ အဆိုပါကိစ္စနှင့် ပတ်သက်၍ ဇန်နဝါရီလ ၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံး၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မကြာမီပြေးဆွဲမည့် အများပိုင်သယ်ယူပို့ဆောင်ရေးစနစ်သစ်ကို ၂ဝ၁၆ ခုနှစ် မေလမှစတင် အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်ပြီး ပထမဦးဆုံးအနေဖြင့် လာမည့် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ယာဉ်လိုင်း ပေါင်း ၆ဝ ဖြင့် စတင် ပြေးဆွဲတော့ မည်ဖြစ်သည်။

ထို့ပြင် ယာဉ်ကြောပိတ်ဆို့မှုများကို ထိန်းချုပ်နိုင်ရန်အတွက်လည်း မကြာမီစတင်မည့် အများပိုင်သယ်ယူပို့ ဆောင်ရေး စနစ်သစ်တွင် ရန်ကုန်မြို့အတွင်းရှိ မီးပွိုင့်ပေါင်း ၁၅၄ ခုကို CCTV ကင်မရာများတပ်ဆင်ပြီး ထိန်းချုပ် ကွပ်ကဲ ရေးစင်တာမှ တိုက်ရိုက်ထိန်းချုပ်သွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောပြချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly