တရုတ်လက် ပြန်ရောက်ပြီး နှစ်နှစ်ဆယ်အတွင်း ဟောင်ကောင်၌ လူ့အခွင့်အရေး အဆိုးဆုံးအဆင့်သို့ ရောက်

တရုတ်လက် ပြန်ရောက်ပြီး နှစ်နှစ်ဆယ်အတွင်း ဟောင်ကောင်၌ လူ့အခွင့်အရေး အဆိုးဆုံးအဆင့်သို့ ရောက်

ပေကျင်း၊ ဇန်နဝါရီ ၁၁ ။          ။ ဗြိတိန်လက်အောက်မှ တရုတ်လက်သို့ ပြန်လည်လွှဲပြောင်းရောက်ရှိပြီး နှစ်နှစ်ဆယ်တွင် ဟောင်ကောင်၏ လူ့အခွင့်အရေးအခြေအနေမှာ အဆိုးဆုံးအဆင့်သို့   ရောက်ရှိသွားကြောင်း တက်ကြွလှုပ်ရှားသူများက ဇန်နဝါရီ ၁၁ ရက်၌ ပြောသည်။

တစ်စိတ်တစ်ဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်အား တင်းတင်းကျပ်ကျပ် ကိုင်တွယ်သည်ဟု တရုတ်နိုင်ငံက စွပ်စွဲခံထားရစဉ် နိုင်ငံတကာလွတ်ငြိမ်ချမ်းသာရေးအဖွဲ့က ယခုကဲ့သို့ အစီရင်ခံစာတစ်ရပ် ထုတ်ပြန်လာခြင်းဖြစ်သည်။

အဆိုပါ အစီရင်ခံစာ၌ ၂၀၁၆ ခုနှစ်တွင် ဟောင်ကောင်အား နောက်ကြောင်းပြန်သုံးသပ်ရာတွင် မြို့မှာ လူ့အခွင့်အရေး ယိုယွင်းဆိုးရွားနေပြီး နယ်ပယ်များစွာတွင် အခွင့်အရေးဆုံးရှုံးမှုများ ရှိနေကြောင်း ဖော်ပြသည်။

တရုတ်အား ဝေဖန်သည့် စာအုပ်များ ရိုက်နှိပ်ဖြန့်ချိသူ ငါးဦး ဟောင်ကောင်မှ ပျောက်ချင်းမလှ ပျောက်သွားခဲ့ခြင်းကို ကိုးကာကာ ယင်းအဖွဲ့က ထောက်ပြသည်။

၎င်းတို့ ငါးဦးအား တရုတ်ပြည်မကြီးတွင် ပြန်လည်တွေ့ရခြင်းဖြစ်သည်။

တရုတ်အနေဖြင့် လူ့အခွင့်အရေးအုပ်စုများက ဖိအားပေးနေလင့်ကစား ၎င်းတို့ ငါးဦး ပျောက်ဆုံးခဲ့မှုနှင့် ပတ်သက်ပြီး ရှင်းလင်းပြခြင်းလည်း မရှိခဲ့ကြောင်း ယင်းအဖွဲ့က ဆိုသည်။

ထိုပြင် ဟောင်ကောင်လွတ်လပ်ရေးကို ထောက်ခံသည့် အမတ်နှစ်ဦးအား အရည်အချင်းနှင့် ကိုက်ညီမှု မရှိဟုဆိုကာ ထုတ်ပယ်ခြင်းက တရုတ်၏ ဟောင်ကောင်ဖွဲ့စည်းပုံကို အဓိပ္ပာယ်ကောက်ယူပုံနှင့် ပတ်သက်ပြီး သံသယပွားစရာဖြစ်ရသကဲ့သို့ တရုတ်နှင့် သဘောတူညီထားသော တစ်နိုင်ငံ စနစ်နှစ်ရပ်အရ အကာအကွယ်ပေးနိုင်မည့် ဟောင်ကောင်တရားရေးအာဏာပိုင်အဖွဲ့၏ လုပ်ပိုင်ခွင့်အပေါ်လည်း  မေးခွန်းများ ထွက်ပေါ်စေခဲ့ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags