ဆမ်ဆောင်းအကြီးအကဲကို တောင်ကိုရီးယားသမ္မတ အရှုပ်တော်ပုံ၌ သံသယရှိ၍ စစ်မေးမည်

ဆမ်ဆောင်းအကြီးအကဲကို တောင်ကိုရီးယားသမ္မတ အရှုပ်တော်ပုံ၌ သံသယရှိ၍ စစ်မေးမည်

ဆိုးလ်၊ ဇန်နဝါရီ ၁၁ ။            ။ ဆမ်ဆောင်းကုမ္ပဏီကို အကြီးအကဲအဖြစ် ဆက်ခံရမည့် လီဂျေယောင်းက အာဏာလက်မဲ့ဖြစ်နေပြီဖြစ်သည့် တောင်ကိုရီးယားသမ္မတ၏ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံတွင် သံသယရှိရသူတစ်ဦးအဖြစ် ပါဝင်ပတ်သက်နေ၍ စစ်မေးခံရရန် ရှိနေသည်။

ဆမ်ဆောင်းကုမ္ပဏီက သမ္မတပတ်ဂွန်ဟေး၏ လူယုံတော် ချောင်ဆွန်စီ တည်ထောင်သည့် ဖောင်ဒေးရှင်းများသို့ လှုဒါန်းငွေများ ပေးကမ်းခဲ့သည်ဟု စွပ်စွဲခံထားရသည်။

ထိုလှုဒါန်းငွေများက အငြင်းပွားဖွယ် ကုမ္ပဏီနှစ်ရပ်ပေါင်းစည်းခြင်းတွင် နိုင်ငံရေးအထောက်အပံ့ရရန် အသုံးချခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲမှုများ ပေါ်ထွက်နေခြင်းဖြစ်သည်။

လီဂျေယောင်းအနေဖြင့် ဇန်နဝါရီ ၁၂ ရက်တွင် အထူးကြားနာမှုကို စစ်ဆေးခံရမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ဆမ်ဆောင်းဖက်ကမူ မည်သည့်ထင်မြင်ချက်မျှ ပေးခြင်း မရှိပေ။

လီဂျေယောင်းသည် လက်ရှိတွင် ဆမ်ဆောင်းကုမ္ပဏီကြီး၌ ဒုတိယဥက္ကဌဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် နှလုံးရောဂါခံစားလာရသည့် ဖခင်ဖြစ်သူ လီကန်ဟီးပြီးနောက် ဆမ်ဆောင်းကုမ္ပဏီအုပ်စုကို အမွေဆက်ခံရဖို့ ကျိန်းသေနေသူလည်းဖြစ်သည်။

အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံကြောင့် သမ္မတ ပတ်ဂွန်ဟေးအား ဖွဲ့စည်းပုံခုံရုံးက လွှတ်တော်မဲအရ ဒီဇင်ဘာ ၉ ရက်တွင် အာဏာဖယ်ရှားထားခဲ့ခြင်းဖြစ်သည်။ ပတ်ဂွန်ဟေးအနေဖြင့် တရားဝင်သမ္မတအဖြစ် ရှိနေသော်လည်း အာဏာမဲ့ဖြစ်ကာ သမ္မတလုပ်ပိုင်ခွင့်အာဏာအား ဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးထားရခြင်းဖြစ်သည်။

ဆမ်ဆောင်းအကြီးအကဲအပေါ် ယခုကဲ့သို့ သံသယရှိ စွဲဆိုမှုများသည် ဆမ်ဆောင်း၏ ဆောက်လုပ်ရေးလုပ်ငန်းစုဖြစ်သော Samsung C&T နှင့် Cheil Industries စက်မှုလုပ်ငန်းတို့ကြား ပူးပေါင်းဖွဲ့စည်းမှု ပြုလုပ်ရာမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုအငြင်းပွားဖွယ် ကုမ္ပဏီချင်း ပေါင်းဖွဲ့မှုတွင် နိုင်ငံရေးအထောက်အပံ့ရရှိအောင် သမ္မတ၏ လူယုံ တည်ထောင်သော ဖောင်ဒေးရှင်းများသို့ လှုဒါန်းမှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly