ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းအဖြေရှာရန် ၅ ဦးပါ ကော်မတီတစ်ရပ်ကုုိ အရေးပေါ်အစည်းအဝေးမှ ဆုံုးဖြတ်

ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းအဖြေရှာရန် ၅ ဦးပါ ကော်မတီတစ်ရပ်ကုုိ အရေးပေါ်အစည်းအဝေးမှ ဆုံုးဖြတ်

ချင်းမိုင်၊ဇန်နဝါရီလ ၁၁ ။              ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မူကြမ်း(NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွ့ဲအစည်းများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ညှိနိူင်းအဖြေရှာရန်အတွက် ကိုယ်စားလှယ် ၅ ဦးပါ ကော်မတီ ဖွဲ့စည်းခြင်း အပါအဝင် အချက် ၆ ချက်သဘောတူညီမှု လောခီးလာ အရေးပေါ်အစည်းအဝေးမှ ရရှိခဲ့သည်ဟု သိရသည်။

ဇန်နဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်များတွင် ပြုလုပ်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၏ အရေးပေါ် အစည်းအဝေးမှ သဘောတူ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“အဓိကတော့ လက်မှတ်ထိုးတဲ့ ကျွန်တော်တို့ ၈ ဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အပျက်မခံ၊ အထိမခံဘဲနဲ့ တစိုက်မတ်မတ် ဆက်လက်လုပ်သွားမယ်။ အခု ဖြစ်ပေါ်တဲ့ ပွတ်တိုက်မှု တစ်ချိုု့ကိုလည်း အဖြေရှာပြီးတော့ ဖြေရှင်းသွားမှာပေါ့လေ။ နောက်နောင်လည်း ဒါမျိုးထပ်မဖြစ်အောင် နည်းလမ်းတွေ တစ်ခါတည်း စဉ်းစားသွားမယ်ဆိုပြီးတော့ ဆုံးဖြတ်ပါတယ်”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

 သူက ဆက်လက်၍ “ထိန်းသိမ်းခံရတာတို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်ပျက်စီးသွားတဲ့ အခြေအနေကို မရောက်အောင် ဝိုင်းဝန်းထိန်းသိမ်းပြီးတော့ ပြဿနာကို တစ်ဖက်က ရှင်း၊ တစ်ဖက်လည်း ငြိမ်းချမ်းရေး မရ၊ ရအောင် တည်ဆောက်မယ်ဆိုတဲ့ဟာမျိုး နည်းလမ်းကို စဉ်းစားထားကြတယ် ” ဟု သူက ပြောသည်။

 မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)မှ ဗဟိုကော်မတီဝင် ရဲဘော် မင်းဌေးနှင့် ရခိုင်လွတ်မြောက်ရေးပါတီ(ALP)မှ အဖွဲ့ဝင် ၃ ဦး ဖမ်းဆီးထိန်းသိမ်း အရေးယူခံထားရမှုနှင့် ညှိနှိုင်းအဖြေရှာသွားရန်အတွက် ကရင်အမျိုးသား အစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်သော ကိုယ်စားလှယ် ၅ ဦး ကော်မတီ ဖွဲ့စည်းလိုက်သည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“သူတို့လွတ်မြောက်ရေးကတော့ ရဲအရေးယူပိုင်တဲ့အနေနဲ့ ရာဇဝတ်ကြောင်းနဲ့ စွဲချက်တင်ထားတာ ရှိတဲ့အခါကြတော့ အမှုသွားအမှုလာကြည့်ရင်တော့ လွတ်လပ်တဲ့တရားစီရင်ရေးစနစ်အရ ဖြစ်စေ ဒါကတော့ ကျနော်တို့ ဝင်ရောက် စွက်ဖက်ဖို့ နည်းနည်းခက်ခဲသွားပြီးတော့ နိုင်ငံတော် အကြီးအကဲတွေ၊ တပ်မတော်အကြီးအကဲတွေ စောင့်ရှောက်ပေးမဲ့ အခြေအနေမျိုး ဖြစ်တာပေါ့။ အဲဒါကိုဘဲ အဖြေရှာသွားဖို့ ကျနော်တို့ ပြင်ဆင်နေတယ်။ ကိုယ်စားလှယ် အဖွဲ့စေလွှတ်ပြီးတော့ ညှိနှိုင်းဆွေးနွေး အဖြေရှာသွားဖို့ ပါမယ်”ဟု သူက ပြောသည်။

ယင်းကိုယ်စားလှယ်များအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်စဉ်နှင့် ပြဿနာများအပေါ် ဝိုင်းဝန်းအဖြေရှာရန်အတွက် ဖွဲ့စည်းခြင်း ဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများတွင် နောက်နောင် ယခုကဲ့သို့ မူခင်းများ ဖြစ်ပေါ်လာပါက တည်ဆဲ ဥပဒေ၊ ရာဇဝတ်မှုများဖြင့် ချက်ခြင်း အရေးယူခြင်း မပြုဘဲ နှစ်ဖက် ပူးတွဲ အဖြေရှာညှိနှိုင်းမည့် နည်းနာများ လုပ်ဆောင်သွားရန် ဆွေးနွေးခဲ့ကြသည်ဟု သူက ပြောသည်။

ယင်းအဖွဲ့တွင် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ခေါင်းဆောင်၍ ညှိနှိုင်းရေးမှူးအဖြစ် ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ABSDFမှ ဦးသံခဲ၊ ALP မှ ဦးခိုင်စိုးနိုင်အောင်နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)မှ ဦးခွန်ဆိုင်းတို့ဖြင့် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

ထိုအရေးပေါ်အစည်းအဝေးတွင် PPST မှ ခေါင်းဆောင်များ တက်ရောက်ခဲ့သော်လည်း ချင်းအမျိုုးသားတပ်ဦး(CNF)မှ တက်ရောက်လာနိုင်ခြင်း မရှိပေ။ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့သည် KNU ၊ RCSS ၊ ABSDF၊ KNU-PC၊ DKBA၊ ALP နှင့် CNF တို့ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags