ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်နှင့် အင်တာဗျူး

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်နှင့် အင်တာဗျူး

ရန်ကုန်၊ ဇန်နဝါရီ ၁၁။           ။ ရန်ကုန်မြို့တွင်း အသစ်ပြောင်းလဲ ပြေးဆွဲမည့် ယာဉ်လိုင်းစနစ် အသစ်အတွက် လုပ်ဆောင်နေမှုများ၊ ရှေ့ဆက် အစီအစဉ်များ လုပ်ဆောင်မည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး မဇ္ဈိမ က ဒေါက်တာ မောင်အောင်နှင့် တွေ့ဆုံခဲ့သည်။

မေး။         ။ ဇန်နဝါရီ ၁၆ ရက်မှာ စပြီးပြေးဆွဲမဲ့ ယာဉ်ပြေးဆွဲမှုပုံစံစနစ်အသစ်အတွက်  ကားမှတ်တိုင်တွေ စလုပ်နေပြီလား သိပါရစေ။

ဖြေ။         ။ မှတ်တိုင်က အခုမှတင်ဒါစခေါ်တာနော်။ စခေါ်ထားတာဆိုတော့ကြာဦးမှာပေါ့။

မေး။         ။ မှတ်တိုင်တွေလုပ်ဖို့ တင်ဒါတွေခေါ်ထားတယ်လည်းပြောတော့ ဘယ်တော့လောက်များစပြီး မှတ်တိုင်တွေတပ်တာလုပ်ဖြစ်မလည်းမသိဘူး။

ဖြေ။         ။ တင်ဒါခေါ်ထားတာ နိုင်ငံတကာတင်ဒါဖြစ်တဲ့အတွက်အနည်းဆုံး တစ်လပေးရတယ်။ သိသလောက်ကတော့ ပြီးခဲ့တဲ့တစ်ပတ်လောက်က စခေါ်တာပေါ့နော်။ ဒါပြီးရင် ပြိုင်ရမှာပေါ့ သူက နိုင်ငံတကာရဲ့ဥပဒေအရဆိုရင် ပြိုင်ပြီးမှရွေးရမှာဆိုတော့လေ ဒီနှစ်အတွင်းတော့ဖြစ်မှာပဲ သေချာတယ်။ ဆောက်မယ့်မှတ်တိုင်က ရိုးရိုးမှတ်တိုင် မဟုတ်ဘူး။  ကြော်ငြာဘုတ်နဲ့မဟုတ်ဘူး။  သူက သတင်းအချက်အလက်ကို အခြေခံတဲ့ နည်းပညာအခြေပြုတဲ့မှတ်တိုင်တွေဖြစ်လာမှာ။ အားလုံးက ဒီမြို့ရဲ့ သတင်းအချက်အလက်တွေ အကုန်သိရမယ်။ ကားတွေရဲ့ တကယ့်အချိန်တွေကိုလည်း သိရမယ်။ နောက်တစ်ခုက ဖုန်းတွေအားသွင်းတာကအစ အဲ့တာမျိုးတွေအကုန်ပါမယ် ။ ဒါမို့လို့လည်း ခေါ်တာကိုက နိုင်ငံတကာ တင်ဒါနဲ့ခေါ်တာ။ လောလောဆယ်တော့ ဒီမှတ်တိုင်တွေကိုပဲ သုံးဦးမှာပေါ့။ ဘယ်မှတ်တိုင်ကို ဘယ်ကားတွေလာမယ်ဆိုတာကတော့ မှတ်တိုင်အသစ်မှလာမယ်။ အခုချိန်မှာကတော့ လုပ်လို့မရသေးဘူး။

မေး။         ။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကြေညာတာက ဇန်နဝါရီ ၆ ရက်နေ့ဆိုတော့ ၁၆ ရက်မှာ ကားတွေစပြီးပြေးဆွဲမယ်ဆိုတော့ ၁၀ ရက်အတွင်းမှာ အချိန်လုံလောက်မှု ရှိရဲ့လား။

ဖြေ။         ။ ကျွန်တော်တို့က အခုမှပြင်တာမဟုတ်ဘူး၊ ကြာပြီ။ အစတည်းကပြင်နေတာ။  ဒါကလည်း စနစ်ကို ပြင်ရတာဖြစ်တဲ့အတွက်လေ။ အချိန်ပိုင်းတော့ လက်ရှိအခြေနေမှာလည်း ဒါမပြောင်းရင်မဖြစ်တော့တဲ့အခြေနေလည်းဖြစ်တော့လေ ။ ပြောင်းကိုပြောင်းရမှာပေါ့နော်။ အခုလည်းကြေညာပြီးသားဖြစ်တယ်ပေါ့လေ။ အခုအချိန်မှာယာဉ်လိုင်း ၆၀ ပေါ့။ အဲ့ဒါ ပုံသေမဟုတ်သေးပါဘူး ။ နေ့စဉ်ပေါ့ ။ ကုမ္မဏီတွေနဲ့ရော အမြဲတမ်းတွေ့နေတာပေါ့။ လိုအပ်ရင် လိုအပ်သလို လိုင်းတွေ၊ လမ်းကြောင်းလည်း နည်းနည်းပြင်တာလေးတွေလည်း ရှိတယ်ပေါ့နော်။ ဒါလည်း ခုနကပြောသလို လမ်းကြောင်းအသစ်တိုးဖို့ဆိုတာကလည်း နေ့စဉ် ပြန်လည်သုံးသပ်နေတယ်။ ဒါလည်း တကယ်လက်တွေ့ပြေးတဲ့အခါကြရင်လည်း ပြည်သူတွေလိုအပ်ချက်ပေါ့နော် ။ တကယ်လို့ ဒီဟာက ခရီးသည်တွေများတယ်။ ဒီလမ်းလိုအပ်တယ်ဆိုရင်လည်း ပြန်ပြီးတော့ စဉ်းစားမယ်ပေါ့နော် ။ ဒါတွေကလည်း ကျွန်တော်ပြောချင်ပါတယ်။ နောက်တစ်ခုကတော့ ယာဉ်လိုင်းပေါင်း ၃၃၀ ကျော်ကနေပြီး လျှော့ချတာဖြစ်တဲ့အတွက် တစ်ချို့နေရာတွေမှာ ဟာကွက်တွေရှိဦးမှာပဲလေ။ အခုက ကျွန်တော်တို့ လက်ရှိက ကုမ္မဏီတွေမှာပါတဲ့ကားတွေကတော့ သတ်မှတ်ပြီးသားပေါ့နော်။ ဒီဟာတွေအပြင် တစ်ခြားတွေ၊ တစ်ခြားလမ်းတွေလည်း ရှိဦးမှာပဲ။ စည်ပင်သာယာနယ်နိမိတ်အပြင်ဘက် ဆက်တဲ့လမ်းတွေဆိုရင်တော့ လက်ရှိကားတွေ ပြေးလို့ရပါသေးတယ်။ လက်ရှိကားနော် ။ ဒါပေမယ့် ဘယ်လိုမျှော်မှန်းထားလည်းဆိုတော့ လက်အောက်မှာမှ ခရိုင်ရုံးတွေ ရှိမယ်ပေါ့နော်။ ခရိုင်ရုံးတွေကနေတစ်ဆင့်ပေါ့ ။ စီမံကွပ်ကဲမှုတွေ လုပ်ဖို့ ရှိတာပေါ့။

မေး။         ။ ရုတ်တရက် ဒီလို ယာဉ်လိုင်းစနစ်ကိုပြောင်းလိုက်တော့ ပြည်သူတွေထဲမှာ စိုးရိမ်မှုတချို့ရှိတာ တွေ့ရပါတယ်။ ဒီစနစ်နဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေကို ပညာပေးရာမှာရော အချိန်လုံလောက်မှုရှိရဲ့လား။

ခုနပြောသလို လုံလောက်မှုရှိရဲ့လားဆိုရင် ဒါကတော့ နည်းမှာပဲ။ ဒါပေမယ့် ကျွန်တော်တို့က တော်တော်များများကတော့မီဒီယာတွေမှာထည့်ပြီးတော့ ကြေညာတယ်ပေါ့။ ဒါပေမယ့် အရမ်းကျယ်ပြန့်တယ်။ အားလုံးလုံလောက်လားဆိုရင်တော့ ပြောရတာခက်တယ်။ ပထမပိုင်းအခက်အခဲတွေအများကြီးတွေ့ဦးမှာပဲ။ သေချာတယ် ။ အများကြီး တွေ့ဦးမှာ။ လိုအပ်ချက်တွေလည်း ရှိဦးမှာပေါ့နော်။ ကျော်လွှားမယ် အဲဒါကို ချက်ချင်းဖြေရှင်းမယ်။ အခုက ဘတ်စ်ကားစနစ်က မပြောင်းလို့မဖြစ်တော့ဘူး။ ဒါကလည်း အားလုံးလည်းသိပြီးသားပဲ။  ဘာကြောင့်လဲဆိုရင် လက်ရှိစနစ်က အဆင်မပြေတော့ဘူးပေါ့ ။ အဆင်မပြေတာထက် ပိုဆိုးတာက စီးတဲ့သူတွေတင်မဟုတ်တော့ဘူး လမ်းကိုအသုံးပြုတဲ့သူတွေရော တခြားယာဉ်တွေကအစပေါ့နော်။ ဘေးကင်းလုံခြုံမှု ဘာမှမရှိတော့ဘူး ။ မရှိတဲ့အပြင် အခုဆိုရင် စီမံအုပ်ချုပ်မှုကနည်းနည်းလေး အားနည်းတဲ့အခါမှာ တရားဥပဒေကို ဆန့်ကျင်တဲ့ဟာမျိုးကအစ ဒီလိုတွေပေါ်လာတဲ့အခါမှာ စနစ်က ပြောင်းကိုပြောင်းရတော့မှာပေါ့ ။ ဒါကြောင့်မို့လို့ နည်းနည်းလေး ပိုပြီးတော့မြန်သွားတာ။ စီမံချက်ကရှိပြီးသားပါ။ ဝန်ကြီးချုပ်လည်း စတက်လာတည်းက ပြောပြီးသားပါ။ ဇွန်လမှာစပြီးပြောခဲ့တာပေါ့။ စနစ်ကို အများပိုင်ကုမ္မဏီတွေနဲ့အစားထိုးသွားမယ်ဆိုတာ တရားဝင်ကြေညာပြီးသားဖြစ်ပါတယ်။ ဘာကြောင့်ဒီလိုလုပ်ရလည်းဆိုရင် နိုင်ငံတကာ စံချိန်နဲ့ ဝန်ဆောင်မှုပေါ့နော်။ ကျွန်တော်တို့နိုင်ငံရဲ့လက်ရှိ ဘတ်စကားစနစ်က ဝန်ဆောင်မှုပေးတာမဟုတ်ပါဘူး။ တကယ်တမ်းစီးပွားရှာတာဖြစ်တဲ့အတွက် ငွေကိုပဲအဓိကထားပြီး ကျန်တာဘာမှ မကြည့်တဲ့အခါမှာ စီးရတဲ့ပြည်သူလူထုက လုံးဝအဆင်မပြေပါဘူး။ မပြေတဲ့အတွက်ပဲ ဒီစနစ်ကိုဖော်ဆောင်ရတာ။  ဖော်ဆောင်တဲ့အခါမှာ အဓိကရည်ရွယ်ချက်ကတော့ အများပိုင်တွေ ဖြစ်အောင်လုပ်မယ် ။ ဒါပေမယ့် စနစ်ကကောင်းသွားဖို့ကလည်း နည်းနည်းလေး အချိန်ယူရမှာဖြစ်ပါတယ်။ ပထမအဆင့်အနေနဲ့ကတော့ အစုအဖွဲ့ပိုင်ပေါ့နော်။ ဒီကားတွေနဲ့ သွားမှာဖြစ်ပါတယ်။ ဖြစ်တဲ့အခါမှာ ကျွန်တော်တို့ကတော့ ဒီဒရိုင်ဘာတွေ၊ စပယ်ရာတွေ ဖြစ်နိုင်မယ်ဆိုရင် လခစနစ်ပဲ တင်မှာဖြစ်ပါတယ်။ သူ့ကို ခေါက်ကြေးနဲ့ပေးတာတို့ ကိုယ်ရကိုယ်ယူ အဲဒါ လုံးဝမရှိပါဘူး။ ဒါကအစ ပြောင်းမှာဖြစ်ပါတယ် ။ ပြေးဆွဲမှုစနစ်မှာလည်း ယာဉ်က လိုင်းတစ်လိုင်းထဲမှာ လိုင်းတွေအများကြီးပေးတာကနေပြီးတော့ အခုဆိုရင် လိုင်းပေါင်း ၆၀ပေါ့နော် လုပ်မှာဖြစ်ပါတယ်။ ဒါကြောင့်ပြောချင်တာကတော့ အပြိုင်အဆိုင်လုရပ်တာတို့၊ ကျော်ရပ်တာတို့ ဖိုက်တာတို့၊ ယာဉ်ထပ်ရပ်တာတို့ကိုလုံးဝတွေ့ရမှာ မဟုတ်ပါဘူး။ ဒုတိယအချက် တတိယအချက်ကတော့ စီမံကွတ်ကဲမှုအားနည်းတာကို YMDA ပေါ့နော် တိုက်ရိုက်ကွပ်ကဲတော့မှာ ဖြစ်ပါတယ်။

မေး။         ။ ဟုတ်ကဲ့ပါ ဒီစနစ်သစ်မှာ ကားသစ်တွေနဲ့ပြေးဆွဲသွားမယ်လို့လည်းသိရပါတယ်။ အဲ့ဒီကားသစ်တွေမှာရော ဘယ်လိုစနစ်တွေ တပ်ဆင်ထားမှာလဲ ။

ဖြေ။         ။ စနစ်ကတော့ BRT ကားတွေမှာ သုံးတဲ့ဟာမျိုးပေါ့။ CCTV လေးလုံး ပါဝင်မှာဖြစ်ပါတယ်။ ဒါကို GPS စနစ်နဲ့ ထိန်းချုပ်ဌာနကနေ ကြည့်တဲ့စနစ်တွေ လုပ်မယ်။ နည်းပညာတွေ သုံးမယ် ။ နည်းပညာတွေသုံးရင် ဒီယာဉ်နောက်လိုက်တွေကို အသုံးမပြုတော့ဘူး။ ဒါပေမယ့် အခု စမဲ့စနစ်မှာတော့ ဒါတွေဟာ အဆင်သင့်မဖြစ်သေးတဲ့အတွက် ယာဉ်အကူကို ကားပေါ်မှာ ဆက်ပြီးတော့ရှိဦးမှာဖြစ်ပါတယ်။ သူဟာ ပိုက်ဆံရှာတာမဟုတ်တဲ့အတွက် ခရီးသည်နဲ့ဆက်ဆံရေးဟာပြောင်းသွားမယ်လို့ မျှော်လင့်ပါတယ်။ မျှော်လင့်သလို တစ်ဖက်ကလည်း ဒါတွေနဲ့ပတ်သက်ပြိး ကုမ္မဏီတွေကိုပဲ တိုက်ရိုက်ညွှန်ကြားမှုပေးမှာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနဲ့လိုက်နာဖို့ပေါ့နော်။

မေး။         ။ ငွေပေးချေမှုစနစ်ကိုရော ဘယ်လိုစီစဉ်ထားလဲ သိချင်ပါတယ်။

ဖြေ။         ။ ဒါတဖြည်းဖြည်းပေါ့ ။ ဝန်ကြီးချုပ်ကြီးပြောသလိုပဲ။ သုံးလ၊ သုံးလ၊ သုံးလ စီ ငွေပေးချေမှုစနစ်ရော၊ GPS ရော၊  နောက်တစ်ခုပြောတဲ့ နည်းပညာရော၊ အများပိုင် ပြောင်းတာရောပေါ့နော် ။ အခုကစပြိးတော့ ဒီစနစ်တွေအားလုံးကို အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။

မေး။         ။ အခုစနစ်မှာ ပြည်သူအချို့က ဘယ်လိုကားစီးရမယ်ဆိုတာကို မသိသေးတဲ့အချက်ကို ဘယ်လိုဖြေရှင်းဖို့ ရှိပါသလဲ ။

ဖြေ။         ။ အခုကတော့ ပထမဦးဆုံး စမဲ့နေ့မှာတော့ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေကနေပြီးတော့ ကူညီပေးမယ်ပေါ့ ။ ဒါလေးလည်းရှိတယ်။ လုပ်အားပေးအဖွဲ့အနေနဲ့ လုပ်ချင်တဲ့သူတွေလည်း အများကြီးရှိပါတယ်။ မြို့နယ်အလိုက်ပေါ့။ ဒါက တစ်ခုရှိတယ်။ နောက်တစ်ခု မှန်းတာကတော့ ပထမဦးဆုံးစမဲ့နေ့ဆိုရင် YMDAပေါ့နော်။ ရန်ကုန်တိုင်းဒေသကြီး အဖွဲ့တွေကအစပေါ့။ အဓိက ဒီလုပ်ငန်းစဉ်ကိုပဲ အာရုံစိုက်မှာပါ။ လက်တွေ့ တွေ့လာတဲ့အခက်ခဲတွေ အများကြီးရှိလာတယ်ဆိုရင် ဖြေရှင်းတဲ့နည်းလမ်းပေါ့။ နေ့စဉ် ကျွန်တော်တို့က ပြန်လည်သုံးသပ်ပြီးတော့ ပြင်မှာဖြစ်ပါတယ်။ တစ်ဖြည်းဖြည်းနဲ့ပေါ့။ အခက်ခဲကဘာလဲဆိုတော့ ကွန်တိန်နာ လုပ်သလိုပေါ့နော်။ စလုပ်တုန်းကတော့ အခက်ခဲတွေ အများကြီးပဲ ။ ဒီလိုပဲ ပြင်စရာရှိ ချက်ချင်းပြင်ပေးတယ် ။ အဲ့နည်းလမ်းအတိုင်းပဲ သွားမှာဖြစ်ပါတယ်။ ပြောချင်တာကတော့ စနစ်တစ်ခုကို စဖြစ်အောင်စတဲ့သဘောပဲ။  ဒါပဲ။ စဖြစ်အောင်စလိုက်တာပဲ။ ဒီစတဲ့စနစ်က ဘာပြောင်းသွားလဲဆိုရင် ယာဉ်နောက်လိုက်၊ ယာဉ်အကူတွေ ကိုယ်ရကိုယ်ယူ မဟုတ်တော့ဘူး။  နံပတ် ၁ ပေါ့ ။ နောက်တစ်ခုက လမ်းတစ်လမ်းတည်းမှာ လိုင်းတွေ အများကြီးမရှိတော့ဘူး။ မထသပေါ့နော်။ ဒါ ပထမအဆင့်ပြောင်းခြင်းဖြစ်ပါတယ်။ လိုအပ်ချက်တွေလည်း ရှိဦးမှာ၊ ပြင်သွားမှာပါ။

မေး။         ။ သုံးလအတွင်း ကားအသစ်ပြောင်းမယ်ဆိုတာကရော ဘယ်လိုစီစဉ်ထားပါလဲ။

ဖြေ။         ။ သုံးလအတွင်း ကားပြောင်းမယ်ဆိုတာကလည်း တစ်ပြိုင်နက်တည်းပြောင်းလို့မရပါဘူး။ ကားအသစ်ဝယ်ဖို့ဆိုတာလည်း ကိုရီးယားကားပဲဖြစ်ဖြစ်၊ တရုတ်ကားပဲဖြစ်ဖြစ် အချိန်ပေးရပါတယ်။။ အခုဝယ်ထားတဲ့သူတွေလည်း ရှိပါတယ်။ လာမယ့် ၁၆ ရက်မှာ စမဲ့ဟာဆိုရင်လည်း တချို့ကုမ္မဏီတွေပေါ့နော်။ ဦးပိုင်တို့လိုဟာမျိုးတွေ YUPT လိုဟာမျိုးတွေ ကျွန်တော်တို့ ငှားရမှာပေါ့နော်။ ဒီ YBPC ဆိုရင် ဒါကားအသစ်တွေပဲသုံးမှာ ဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေကတော့ ဧကရိတ်လို့ ခေါ်တာပေါ့နော်။ ဒါတွေနဲ့လည်း ကျွန်တော်တို့ပြေးမှာဖြစ်ပါတယ်။ ဒါပေမယ့်အခု မထသကို အခြေခံတဲ့ကုမ္ပဏီတွေ အများကြီးရှိတယ်ဆိုတော့ သူတို့ကားသစ်တွေ သုံးနိုင်တာ နည်းပါသေးတယ်။ Bတို့ ၊ C တို့ ၊ D Grade ပေါ့။ သူတို့ ဒါတွေပဲ ပြေးဆွဲတာများပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မူဝါဒကတော့ တစ်ဖြည်းဖြည်းချင်းပေါ့နော်။   Face by Face ပြောင်းသွားမယ်။ ် ဒီတိုင်းပဲ စုဖွဲ့ပိုင်ကနေ အများပိုင်ပြောင်းသွားမယ်။ နောက် ဒီ GPS စနစ်တွေ ဒီကဒ်လေးတွေကလည်း ဒီတစိနှစ်အတွင်းမှာ ပြောင်းသွားမှာဖြစ်ပါတယ်။ ဒါမယ့်ကျွန်တော်တို့ မှန်းတာကတော့ ဒီစတဲ့အချိန်မှာ နည်းနည်းလေး ကသီတယ်။ နည်းနည်းလေး လိုအပ်ချက်တွေ များမယ်။ တစ်ဖြည်းဖြည်း လုပ်ရင်းလုပ်ရင်းနဲ့ မှန်းတာကတော့ တစ်နှစ်အတွင်းတော့ ကျွန်တော်ထင်တယ်လေ ။ ရန်ကုန်မြို့ရဲ့ အများပြည်သူသွားလာရေး ဒီဘတ်စ်ကားစနစ်ကတော့ အများပိုင်ကုမ္မဏီတွေနဲ့ပဲ အဓိကဖြစ်သွားမှာပေါ့လေ။ အဲ့ဒီကြရင်တော့ တွေ့မှာပါ။ BRT ပေါ့နော် ။ သူပြေးတဲ့စနစ်ပုံစံ အားလုံးနီးပါးဖြစ်သွားမှာ ဖြစ်ပါတယ်။ စပယ်ရာ မပါတော့ဘူး။  နည်းပညာတွေ သုံးမယ်။ နောက်ပိုင်း တယ်လီဖုန်းတွေမှာဆိုရင် QR ကုဒ်လို့ခေါ်မှာပေါ့နော်။ ဒါနဲ့တောင်ကျွန်တော်တို့ လုပ်ဖို့ရှိပါတယ်။ မကြာခင် လုပ်ဆောင်မှာဖြစ်ပါတယ်။

မေး။         ။ ၁၆ ရက်နေ့ စဆွဲတော့မယ်ပေါ့ ဆိုတော့ ပြင်ဆင်မှုအပိုင်းဘယ်လောက်ထိ အဆင်သင့်ဖြစ်နေပြီလဲ။

ဖြေ။         ။ ပြင်တုန်းပဲ။ တကယ်တမ်းပြောရင် ပြင်တုန်းပဲ ။ အဆင်သင့်ဘယ်လောက်ရှိလဲဆိုတာ ပြောဖို့တော်တော်ခက်ပါတယ်။ ကျွန်တာ်ထင်တယ် ။ အခုလိုင်းတွေလည်း ရွေးပြီးသွားပြီ။ အခုက တော်တော်လေး ပြီးပါပြီ ။ နည်းနည်းလေးပဲ ကျန်တယ် ။ နေ့စဉ်ကုမ္မဏီတွေနဲ့လည်း တွေ့တယ်။ သူတို့ကို ဆန္ဒလည်းပြုခိုင်းတယ်ပေါ့နော် ။ ဒါပေမယ့် ကျွန်တော်တို့က မျှတအောင်ဆိုပြီး ကားကုမ္မဏီတစ်ခုကို ဒီလမ်းကိုပေးတော့မယ်ဆိုရင် လမ်းတွေကို အေ ဘီ စီ ဒီ ခွဲထားတာတွေရှိပါတယ်။  တကယ်တန်း လူစီးများတာတွေရှိမယ်။ ဒီလမ်းက တကယ်တမ်း မိန်းလမ်းဖြစ်၊ မဖြစ် ။ ဒါမျိုးတွေလည်းရှိတယ်လေ။  ဒီလမ်းတွေမှာပြေးဆွဲလို့ဆိုရင် ကုမ္မဏီတွေ သူတို့တင်ပြတာတွေက လူတိုင်းက ပြေးချင်တာပေါ့လေ။ ဒါပေမယ့် ကျွန်တော်တို့က သူတို့မှာကား လုံလုံလောက်လောက်ရှိရဲ့လား ။ သူတို့ကားတွေရဲ့ အဆင့်အတန်းက ဘာတွေလဲ။  ဒီကားတွေ ပြေးဆွဲပြီ။ ဟုတ်ပြီ ။ ဒီကားတွေကို ထိန်းသိမ်းတော့မယ်ဆိုရင် အရေးကြီးတာက ဒီကားတွေက လမ်းပေါ်မှာထားလို့မရပါဘူး။ ကားရပ်နားမှု ရှိကိုရှိရမှာ ဖြစ်ပါတယ် ။ အခုက ဒီကားလမ်းမှာ သူကဘယ်လောက်ထိ အတွေ့အကြုံရှိလဲ။ အရင်မူလကပြေးဆွဲတဲ့လမ်းကြောင်းလား ဒါတွေလည်းအရေးကြီးပါတယ်။ ရေရှည်မှာဘယ်လိုဆက်တိုးချဲ့မလဲဆိုတဲ့ စီမံချက်။ ဒါမျိုးတွေအားလုံးနဲ့ရွေးမှာဖြစ်ပါတယ်။ မျှလည်းမျှတအောင်၊ မြို့ရဲ့အင်္ဂါရပ်နဲ့လည်းညီအောင်ပေါ့နော်။ ရန်ကုန်ဟာ တစ်နိုင်ငံလုံးရဲ့ပုံရိပ်ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း နိုင်ငံကြီးတွေမှာ ဘတ်စ်ကားကို တကယ့် ခေတ်မီတဲ့နည်းနဲ့ ပြေးဆွဲအောင် ကျွန်တော်တို့မှာ ဒါစီမံချက်ရှိပြီးသားဖြစ်ပါတယ်။

မေး။         ။ လက်ရှိပြေးဆွဲနေတဲ့စနစ်မှာ စပယ်ရာတွေနဲ့ပြည်သူတွေ ပြသနာတက်နေတာတွေလည်း ရှိတယ်။ ဒီလိုတွေမဖြစ်အောင် ဘယ်လိုသင်တန်းတွေပေးတာမျိုးရှိလဲ။

ဖြေ။         ။ နောက်မကြာခင်မှာ သင်တန်းတွေပေါ့နော် ။ အထူးသဖြင့် ဒရိုင်ဘာတွေ။ သင်တန်းတွေဘာတွေပေါ့နော် ။ လုပ်ဖို့လည်းအစီစဉ်ရှိပါတယ်။ အခုဆိုရင် မှတ်ပုံတင်ရပါတယ်။ ပြောင်းလို့မရဘူး ဒါတွေလည်းခေါ်တွေ့တာ နောက်ပိုင်းကျရင်တော့ လုပ်ဖို့ရှိပါတယ်။ အခုလောလောဆယ်ကတော့ ဒီစနစ်ကိုပဲ စလုပ်တာဖြစ်လို့ မလုပ်နိုင်သေးပါဘူး။ သင်တန်းကိစ္စကတော့ စပယ်ရာရော အထူးသဖြင့် ဒရိုင်ဘာပေါ့ ။ အများကြီးသင်တန်းပေးဖို့ရှိပါတယ်။ မကြာခင်မှာလုပ်မှာဖြစ်ပါတယ်။

မေး။         ။ စိန်ခေါ်မှုတစ်ခုပေါ့ အရင် BRT တွေစတုန်းက ဆိုင်းဘုတ်တွေ ရိုက်ချိုးခံရတာတွေရှိတယ် ။ ဒီလိုဖြစ်ရပ်တွေအတွက်ဘယ်လိုပြင်ဆင်ထားပါသလဲ။

ဖြေ။         ။ စနစ်တစ်ခု ပြောင်းမယ်ဆိုတကတော့ ဘယ်နိုင်ငံပဲဖြစ်ဖြစ်ပေါ့နော်။ ကိုးရီးယားဆိုရင် ၃နှစ်ကြာတယ်၊ ပြောင်းခဲ့တာ ။ အဲ့ဒီမှာ ရိုက်ဖျက်ဆီးတာတွေ အများကြီးကြုံရတယ်။  BRT လည်း ဒီတိုင်းပါပဲ။ သူစတာ မြန်မာနိုင်ငံရဲ့ယာဉ်စနစ်မှာ ပထမဦးဆုံးအများပိုင်ကုမ္မဏီနဲ့ ဒီစနစ်ကိုပဲ အစပြုခဲ့တာဖြစ်ပါတယ်။ ပြောချင်တာကတော့ စနစ်ဟောင်းမှာပျော်မွေ့နေတဲ့သူတွေ၊ စနစ်ဟောင်းမှာ စီပွားဖြစ်နေတဲ့သူတွေက သူတို့အတွက် လုံး၀ ဒါအဆင်မပြေပါဘူး။ ဆိုတော့ ဒီလိုမျိုး ဖျက်လိုဖျက်ဆီးလုပ်တာတွေကလည်း ကြုံရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုပြောင်းလဲမှုကို စိန်ခေါ်မှုတွေရှိလို့ ရပ်သွားမယ်ဆိုရင် အရှုံးပေးတာဖြစ်မှာပေါ့နော် ။ လက်ရှိပြေးနေတဲ့သူတွေလည်း မနစ်နာအောင် အများကြီးလုပ်ပေးမယ်။ တစ်ဖက်ကလည်း ကျွန်တော်တို့ ဦးတည်တာကတော့ အများပြည်သူအတွက်ပဲ ဦးတည်တာဖြစ်ပါတယ်။ အများပြည်သူကို ဝန်ဆောင်မှုကောင်းတဲ့ သယ်ယူပို့ဆောင်ရေးစနစ် ပေါ်ပေါက်ဖို့ဆိုတာ အစိုးရတွေရဲ့တာဝန် ဖြစ်ပါတယ်။ ဒရိုင်ဘာတွေ၊ စပယ်ရာတွေ မနစ်နာအောင် နည်းပေါင်းစုံနဲ့ ဖန်တီးပေးပြီးသားဖြစ်ပါတယ်။ ဥပမာဆိုရင် လက်ရှိကားတွေ ၉၉ အောက်ပေါ့ ။ ကားတွေလမ်းမမှာ မပြေးရဘူးမဟုတ်ပါဘူး။ ခုချိန်မှာ ပြေးလို့ရသေးတယ်။ တစ်ဖက်ကဘည်း သူဟာသူပေါ့နော်။ ကားကိုအသစ်ဝယ်ချင်တယ်ဆိုရင် ဘဏ်ချိတ်တွေနဲ့လုပ်ပေးတာရှိတယ် ။ ဘတ်စ်ကားမယူတော့ဘူး ။ လူစီးကားစနစ်ယူမယ်ဆိုရင် လူစီးကားစနစ်ပေါ့နော် ။ ပြောင်းပေးပါတယ်။ဒါ သူတို့မနစ်နာအောင်ပေါ့နော်။ အပြောင်းအလဲမှာတော့ နစ်နာမှုအနည်းဆုံးဖြစ်အောင် နည်းပေါင်းစုံနဲ့ လုပ်ပေးနေပြီးဖြစ်ပါတယ်။ ဒိုင်နာတွေ ဘီအမ်တွေ ဖျက်တယ်ဆိုရင်လည်း ဖျက်တယ်ဆိုတာ ဒီမှာမဟုတ်ဘူး။  လူထုသယ်ယူပို့ဆောင်ရေး ပါစင်ဂျာတော့ သူတင်လို့ မရဘူး ။ ဒါပေမယ့် အခြားလုပ်ငန်းတွေလုပ်မယ် ။ ပြောင်းဆွဲချင်တယ်ဆိုရင် လုပ်ပေးတာရှိပါတယ်။ လူတင်တဲ့စနစ်ကိုလည်း လုပ်ပေးနေပါတယ် ။ ဒိုင်နာတို့ ဘီအမ်တို့ ဒါတွေပေါ့နော်။

မေး။         ။ ဒိုင်နာ ဘီအမ်တွေ ကားတွေအတွက်တော့ သိပါပြီ။ ဒါပေမယ့် အဲ့ဒီကားတွေမှာရှိနေတဲ့ စပယ်ရာတွေအတွက်ရော ဘယ်လိုတွေစီစဉ်ထားတာရှိလဲ သိချင်ပါတယ်။

ဖြေ။         ။ လောလောဆယ်ကတော့ မဆွဲရဘူးလို့တော့မဟုတ်ဘူးပေါ့နော် ။ ဒီမိန်းလမ်းကြီးကတော့ ဆွဲခွင့်မရှိတော့ဘူးပေါ့နော်။ ကျွန်တော်တို့လုပ်ထားတာက လိုင်း၆၀ ပါ။ အရင်တုန်းက လိုင်း ၃၃၀ ကို ပြန်လျော့တာပေါ့နော် ။ ဒါပေမယ့် တခြားလွတ်နေတဲ့လမ်းတွေ အများကြီးရှိသေးတယ်။ အဲ့ဒီကားလမ်းတွေမှာ မဆွဲရဘူးလို့ မပြောပါဘူး။ ဒီထဲမှာမပါတဲ့လိုင်းတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် ပြောမယ်ဆိုရင် စည်ပင်သာယာနယ်နိမိတ်ကနေ မြို့နယ်တွေ ဘာတွေပေါ့နော်။ ဆင်ခြေဖုန်းလို အားလုံးက ဒီလိုဆွဲလို့ရပါသေးတယ်။ စည်းမျဉ်းစည်းကမ်းတကျတော့ ဖြစ်ဖို့တော့လိုတာပေါ့နော်။ စနစ်တစ်ခုပြောင်းတဲ့အခါမှာ ငြင်းကြတာမျိုးလည်း ရှိရင်ရှိမှာပါ။ ဒါလည်းစဉ်းစားပြီးသားဖြစ်ပါတယ်။ ကားအုံနာတွေကိုပဲ ဦးစားပေးမလား။ လက်ရှိဒီလူတွေကိုပဲ ဦးစားပေးမလား ။ အများပြည်သူရဲ့ကိုယ်ကျိုးစီးပွားကို လှစ်လှူရှူ့တော့မလားဆိုတာ ကျွန်တော်အမြဲတမ်းပြောတာပေါ့နော် ဘတ်စ်ကားကိုစီးနေတဲ့သူတွေဟာ နှစ်သန်းခွဲလောက်ပေါ့ ။ နေ့စဉ် ဒါကိုသုံးရတာဖြစ်တဲ့အတွက်၂.၅ သန်းကို ဦးစားပေးမလား ။ ထောင်ဂဏန်းလောက်သူတွေ အဲ့လိုပဲကျွန်တော်တို့ စဉ်းစားရမှာပေါ့နော်။ သူတို့လည်းမနစ်နာရအောင်နည်းပေါင်းစုံနဲ့လုပ်ပေးတယ်။ အဓိကရည်ရွယ်တာကတော့ နေ့စဉ် ဘတ်စ်ကားစီးနေရတဲ့ ၂.၅ သန်းသောပြည်သူတွေရဲ့ လက်ရှိကြုံတွေ့ရတဲ့အခက်ခဲတွေ သူတို့ကိုပိုပြီးကောင်းမွန်တဲ့ သယ်ယူပို့ဆောင်ရေးစနစ် ပေါ်ပေါက်လာရေးဖြစ်ပါတယ်။

မေ။          ။ ပြည်သူအချို့ပေါ့။ အခုထိ ဘယ်သွားချင်ရင်ဘယ်ကားစီးရမယ်ဆိုတာ မသိသေးတာတွေရှိနေတယ်ပေါ့ သူတို့ကို သိသွားအောင် ဒီ ၁၆ ရက်မတိုင်ခင် ဘယ်လိုမျိုးထိထိရောက်ရောက်ပညာပေးတွေလုပ်ဖို့ရှိလဲ။

ဖြေ။         ။ စဉ်းစားမိတာပေါ့နော် အခုတော့ တကယ့်နေရာကြီးတွေမှာ ဆိုင်းဘုတ်တွေချိတ်နေတာပေါ့နော် ။ မှတ်တိုင်တွေဖြစ်ဖြစ်ပေါ့နော် ။ အင်ဖော်မေးရှင်းပေးမယ် ဖြစ်နိုင်သလောက်ပေါ့နော် ။

မေး။         ။ ယာဉ်စနစ်သစ်မှာ ရေရှည်ဆက်လုပ်သွားမယ့်ပုံစံလေးကိုပြောပြပေးပါ။

ဖြေ။         ။ ရေရှည်မှာတော့ နိုင်ငံတကာမှာလိုမျိုး မြန်မာနိုင်ငံမှာ အများပိုင်စနစ်ဖြစ်အောင်ပြေးဆွဲမှာပါ။ အဲ့လိုစနစ် အသုံးပြုတဲ့အခါမှာ ဝန်ဆောင်မှုကိုအခြေပြုတဲ့ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလို့ပြောတဲ့အခါမှာ နံပတ် ၁ က ဘေးကင်းလုံခြုံစိတ်ချရမှု၊ ဒါအရေးအကြီးဆုံး ဒုတိယက တကယ့်ကို ခရီးသည်အတွက် အဆင်ပြေရမယ် ၊သက်သောင့်သက်သာရှိရမယ်။ တတိယကတော့ မြင်သာထင်သာရှိရမယ် ။ ဘတ်စ်ကားခပဲဖြစ်ဖြစ်၊ ခရီးလမ်းကြောင်းပဲဖြစ်ဖြစ်၊  ဒါတွေလည်းကျွန်တော်တို့ဖော်ဆောင်မယ် ။ နောက်တစ်ခါ ကျွန်တော်တို့က အများပိုင်ကုမ္မဏီ ပေးလာတယ်။ နောင်တစ်ချိန်မှာ ဘတ်စ်ကားစီးရတဲ့အချိန်ဟာ သိသိသာသာ လျော့နည်းလာမှာဖြစ်ပါတယ်။ မျှော်မှန်းတာက ကိုယ်ပိုင်ကားစီးတဲ့သူတွေပါ ဘတ်စ်ကားကတယ်ကို အဲကွန်းနဲ့အေးအေးလူလူစီးရမယ်ဆိုရင် ပြောင်းစီးလာမယ်ဖြစ်ပါတယ် ။ ပြောင်းစီးလာရင် လက်ရှိရန်ကုန်မြို့မှာကြုံတွေ့လာရတဲ့ ယာဉ်ကြောပိတ်ဆို့မှုကိုလည်း တစ်ဖက်တစ်လမ်းက ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ရေရှည် ရည်မှန်းချက်က အဲ့ဒါပဲ ။ ပြောချင်တာကတော့ ဝန်ဆောင်မှုကိုအခြေပြုတယ် ။ ဘတ်စ်ကားစီးတဲ့သူတွေက နိုင်ငံတကာလိုပဲ ဂုဏ်သိက္ခာရှိရှိနဲ့ စီးနိုင်ဖို့ကို ရည်ရွယ်ခြင်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly