သက်ငယ်မုဒိမ်းမှုမှ ကာကွယ်နိုင်ရန် ကလေးငယ်များအား ပညာပေးအစီအစဉ် သင်ကြားနိုင်ရေး အဆိုတင်

သက်ငယ်မုဒိမ်းမှုမှ ကာကွယ်နိုင်ရန် ကလေးငယ်များအား ပညာပေးအစီအစဉ် သင်ကြားနိုင်ရေး အဆိုတင်

မန္တလေး၊ ဇန်နဝါရီ ၁၁။               ။ သက်ငယ်မုဒိမ်းမှုနှင့် အဓမ္မပြုကျင့်မှုများ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မူကြိုနှင့်မူလတန်းကျောင်းများတွင် သက်ငယ်ကလေးပညာပေး အစီအစဉ်များ စနစ်တကျ သင်ကြားပေးရန်အတွက် အောင်မြေသာစံမြို့နယ်၊ မဲဆန္ဒနယ်၊ အမှတ်(၂)မှလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ကျော်ဦးက ဇန်နဝါရီလ ၁၁ ရက်၊ နံနက်ပိုင်းက ပြုလုပ်သည့် ဒုတိယအကြိမ်၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(တတိယနေ့)တွင် အဆိုတင်သွင်းခဲ့သည်။

အဆိုတွင် မူကြိုနှင့်မူလတန်းကျောင်းများ၌ အဓမ္မပြုကျင့်မခံရရန် ပညာပေးခြင်းများကို ရုပ်ပုံကားချပ်များ၊ သင်္ကေတများဖြင့် သင်ကြားပေးရန်နှင့် ကျောင်းပြင်ပကလေးသူငယ်များကိုလည်း လူမှုပရဟိတ အသင်းများဖြင့် ပူးပေါင်း၍ ပညာပေးမှုများလုပ်ဆောင်ရန်တို့ ပါရှိသည်။

ထို့အပြင် သက်ငယ်မုဒိမ်းမှုနှင့်အဓမ္မပြုကျင့်မှုဆိုသည်မှာ မည်ကဲ့သို့သောအပြုအမှုများ အပြောအဆိုများဖြစ်သည်ကို ကလေးသူငယ်များနားလည်ရန် ပညာပေးရေး၊ အဓမ္မပြုကျင့်မှုများကို မည်သို့ရှောင်ရှား ရမည်၊ မည်သို့တုံ့ပြန်ရမည်ကို သင်ကြားပေးရေး၊ အဓမ္မပြုကျင့်ခံနေရသော(သို့မဟုတ်) အဓမ္မပြုကျင့်ခံခဲ့ရသော(သို့မဟုတ်) အဓမ္မပြုကျင့်ခံရရန် ဖြစ်နိုင်ချေရှိသောကလေးသူငယ်များမှ တိုင်ကြားနိုင်ရန်၊ တိုင်ကြားရဲရန် အားပေးပညာပေးရေး တို့ကို လုပ်ဆောင်ပေးရန်တို့ ပါရှိသည်။

၎င်းအဆိုကို ပုသိမ်ကြီးမြို့နယ်၊မဲဆန္ဒနယ်၊အမှတ်(၂)မှလွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးက ထောက်ခံဆွေးနွေးခဲ့ပြီး တက်ရောက်လာသူ လွှတ်တော်ကိုယ်စားများကလည်း  ထောက်ခံခဲ့ ကြသောကြောင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ၎င်းအဆို လွှတ်တော်၌ ဆက်လက်ဆွေးနွေးရန် လက်ခံခဲ့သည်။

ဆွေးနွေးမှုများ ဇန်နဝါရီလ ၁၂ ရက်နေ့ တိုင်းဒေသကြီးလွှတ်တော်တွင် ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly