သမ္မတ အိုဘားမား နောက်ဆုံး နှုတ်ဆက်မိန့်ခွန်း ပြောကြား

သမ္မတ အိုဘားမား နောက်ဆုံး နှုတ်ဆက်မိန့်ခွန်း ပြောကြား

မကြာမီ သမ္မတ ရာထူးမှ ဆင်းပေးရတော့မည့် အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားမှာ ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်ညပိုင်းက ၎င်း၏ သမ္မတ တာဝန်သက်တမ်း   နောက်ဆုံးနှုတ်ဆက် မိန့်ခွန်းတစ်ရပ်ကို   ပြောကြားသွားခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အိမ်ဖြူတော်တွင် ရှစ်နှစ်တာကြာမြင့်ခဲ့ပြီးနောက် သမ္မတ အိုဘားမားမှာ ချီကာဂိုမြို့တွင် သွားရောက်ကာ နှုတ်ဆက်မိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့ခြင်းဖြစ်ပြီး  မဲဆွယ်စဉ်ကာလက ထင်ရှားခဲ့သည့် စကားဖြစ်သော "Yes we can" ကို ယခုနှုတ်ဆက်မိန့်ခွန်းတွင် "Yes we did" ဖြင့် အဆုံးသတ်ပြောကြားပေးခဲ့သည်။

အလားတူ ၎င်း၏ သက်တမ်းတစ်လျှောက် နျူကလီးယားသဘောတူညီချက်များမှစကာ ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲခြင်းများထိ အောင်မြင်ခဲ့သည့်ကိစ္စရပ်များကို   ပြန်လည်ဖော်ထုတ်ပြောကြားခြင်းဖြင့် ဒေါ်နယ်ထရန့်၏ မျှော်လင့်မထားခဲ့သည့် ရွေးကောက်ပွဲအောင်နိုင်မှုကြောင့် ထိခိုက်ခံစားနေကြရသော ၎င်းအားထောက်ခံသူများကို ချွေးသိပ်ပေးခဲ့သည်။

အလားတူ ထောက်ခံသူများအားလည်း ဒီမိုကရေစီရှင်သန်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ကြရန်နှင့် ပိုမိုမျှတမှုရှိသော လူမှုအဖွဲ့အစည်းတစ်ခုကို ခိုင်ခိုင်မာမာ ရှိနေစေရေး လုပ်ဆောင်ကြရန် အိုဘားမားက တိုက်တွန်းသွားသည်။

" ကျွန်တော်တို့ အားလုံးမှာ မတူညီတဲ့အချက်တွေ ရှိနေကြမှာဖြစ်ပေမယ့် အားလုံးက အတူတူချည်းပါပဲ" ဟု ၎င်းက ပြောသည်။ အလားတူ လူမျိုးရေးခွဲခြားမှု၊ သာတူညီမျှမှုမရှိမှုတို့မှာ ဒီမိုကရေစီစနစ်ကို ခြိမ်းခြောက်နေသော အရာများဖြစ်သည်ဟုလည်း ၎င်းက သတိပေးသွားခဲ့သည်။

" ပါတီအဖွဲ့အစည်းတွေ မတူသော်ငြားလည်း ကျွန်တော်တို့အားလုံးအနေနဲ့ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီအဖွဲ့အစည်းတွေ ပြန်လည်တည်ဆောက်တဲ့နေရာမှာ စိတ်ရောကိုယ်ရော နှစ်ထားဖို့တော့ လိုပါလိမ့်မယ်" ဟု ၎င်းက ပြောသည်။

နောင်တက်လာမည့် ရီပတ်ဘလစ်ကန်သမ္မတအနေဖြင့် နိုင်ငံတကာသဘောတူစာချုပ်များကို ခြိမ်းခြောက်နေခြင်း၊ အိုဘားမားလက်ထက် လုပ်ဆောင်မှုများကို ပယ်ဖျက်ရန် ရှိနေခြင်းတို့ ရှိနေသကဲ့သို့ တစ်ချိန်တည်းတွင်မှာလည်း ရုရှအစိုးရအနေဖြင့် ထရန့်ရွေးကောက်ပွဲအသာရရေး ၀င်ရောက်လုပ်ဆောင်ပေးခဲ့သည်ဟုလည်း စွပ်စွဲချက်များ ထွက်ပေါ်ထားခဲ့သည်။

ယခုအခါ ဒီမိုကရက်တစ်များ၊ အထက််လွှတ်တော်နှင့်၊ အောက်လွှတ်တော်တို့သည်လည်း ပြန်လည်၍ တစ်စုတစ်စည်းတည်းဖြစ်စေရန် ရုန်းကန်နေရလျက်ရှိရာ ယင်းအခြေအနေများမှာ   ရှေ့တွင်စောင့်ကြိုနေမည့် အရာများဖြစ်ကြောင်း အိုဘားမားက ပြောသည်။

အိုဘားမားအနေဖြင့် Air Force One လေယာဉ်ဖြင့် ၎င်း၏ နောက်ဆုံး ခရီးစဉ်ကို ယခုကဲ့သို့ ချီကာဂိုသို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး ယင်းတွင် လွန်ခဲ့သော ရှစ်နှစ်အကြာက ရွေးကောက်ပွဲအနိုင်ရသည့် မိန့်ခွန်းပြောကြားခဲ့ရာနေရာနှင့် သိပ်မကွာလှသော နေရာတွင် ၎င်းအား ထောက်ခံသူများအား နှုတ်ဆက်မိန့်ခွန်းပြောကြားပေးခဲ့ခြင်းဖြစ်သည်။

အိုဘားမားနှင့်အတူ ဇနီးဖြစ်သူ Michelle Obama အပြင် ဒုသမ္မတ ဂျိုးဘိုင်ဒင်နှင့် ဇနီးတို့လည်း လိုက်ပါလာခဲ့ကြသည်။

မိန့်ခွန်းပြောကြားစဉ် မထိန်းနိုင်ဘဲ ကျဆင်းလာသော မျက်ရည်များကို သုတ်ရင်းဖြင့် အိုဘားမားက ၎င်း မိသားစုကိုလည်း ဂုဏ်ပြုချီးကျူးစကားပြောကြားပေးသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags