ရာသီဥတုပြောင်းလဲလာနေမှုကို မျက်ကွယ်ပြုခြင်းက နောက်မျိုးဆက်အပေါ် သစ္စာဖောက်ရာရောက်လိမ့်မည်ဟု အိုဘားမား သတိပေး

ရာသီဥတုပြောင်းလဲလာနေမှုကို မျက်ကွယ်ပြုခြင်းက နောက်မျိုးဆက်အပေါ် သစ္စာဖောက်ရာရောက်လိမ့်မည်ဟု အိုဘားမား သတိပေး

ဇန်နဝါရီ ၁၁ ။            ။ လက်ရှိအချိန်တွင် ကမ္ဘာကြီး ပူနွေးလာနေမှုဖြစ်စဉ်၏ အမှန်တရားကို မျက်ကွယ်ပြုထားလိုက်မည်ဆိုပါက နောင်အနာဂတ်တွင်မွေးဖွားကြီးပြင်းလာကြမည့် မျိုးဆက်သစ်တို့အပေါ် သစ္စာဖောက်ရာ ရောက်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက ၎င်း၏ နောက်ဆုံးနှုတ်ဆက်မိန့်ခွန်းထဲတွင် ထည့်သွင်း သတိပေးသွားခဲ့သည်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲနေမှုအပေါ် လျစ်လျူရှုမထားဘဲ အရေးယူကိုင်တွယ်ဖြေရှင်းမှုများ လုပ်ဆောင်နိုင်ရေး အိုဘားမားက ရည်ညွန်းပြောကြားခြင်းလည်း ဖြစ်သည်။

" ကျွန်တော်တို့အနေနဲ့ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အကောင်းဆုံးသော နည်းလမ်းနဲ့ ချဉ်းကပ်လုပ်ဆောင်သင့်ပါတယ်၊ လုပ်လည်းလုပ်နိုင်ရပါလိမ့်မယ်" ဟု ချီကာဂိုရှိ လူထုနှုတ်ဆက်ပွဲတွင် အိုဘားမားက ပြောကြားသွားသည်။

" ဒါပေမယ့်လည်း ဒီလိုမှမဟုတ်ဘဲ ဒီပြဿနာကို မျက်ကွယ်ပြုထားဖို့ပဲ လုပ်နေတော့မယ်ဆိုရင်တော့ ဒါဟာ အနာဂတ်မျိုးဆက်သစ်တွေအပေါ် သစ္စာဖောက်ရုံတင်မကပါဘူး၊  ဒီနိုင်ငံမှာ ရှိကိုရှိရမယ့် အနှစ်သာရကိုလည်း ဖောက်ပြန်ရာ ကျပါလိမ့်မယ်" ဟု အိုဘားမားက သတိပေးသွားသည်။

မကြာမီ သမ္မတ ရာထူးတာဝန်ကနေ ဆင်းပေးတော့မည့် အိုဘားမားအနေဖြင့် ၎င်း၏ နောက်ဆုံးနှုတ်ဆက်မိန့်ခွန်းကို ချီကာဂိုမြို့တွင်ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly