နောက်ခံလူ ဆာခိုအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၂၀ လီဗာပူးလ် သတ်မှတ်မည်

နောက်ခံလူ ဆာခိုအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၂၀ လီဗာပူးလ် သတ်မှတ်မည်

ဇန်နဝါရီ ၁၁၊ လီဗာပူးလ်။                    ။ နောက်ခံလူ မာမာဒူ ဆာခိုအနေဖြင့် ဇန်နဝါရီစျေးကွက်အတွင်း အသင်းပြောင်းဖြစ်ခဲ့လျှင် လီဗာပူးလ်အသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ သတ်မှတ်မည်ဖြစ်သည်။

အသင်းခေါင်းဆောင်ဖွန်တီ အသင်းပြောင်းခွင့်တောင်းထားသည့် ဆောက်သမ်တန်အသင်းသည် အသက် ၂၆ နှစ်အရွယ် ဆာခိုကို ခေါ်ယူရန် စဉ်းစားနေသကဲ့သို့ ဂါလာတာစာရေးနှင့် ဆီဗီလာတို့ကလည်း စိတ်ဝင်စားကြောင်း ပြသနေသည်။

ပြင်သစ်လက်ရွေးစင် ကစားသမားသည် ၂၀၁၅ ခုနှစ်ကမှ လီဗာပူးလ်အသင်းနှင့် နှစ်ရှည်စာချုပ်သစ်ချုပ်ထားသည်။ သို့သော် လည်း ကွင်းပြင်ပပြဿနာကြောင့် ဧပြီလကတည်းက အသင်းမှ ချန်လှပ်ခံထားရသည်။

လီဗာပူးလ်အသင်း၏ ရာသီကြို  အမေရိကန်ခရီးစဉ်တွင် နည်းပြကလော့ပ်၏ စည်းကမ်းပိုင်းဆိုင်ရာ အကြောင်းပြချက်ဖြင့် အိမ်သို့ ပြန်လွှတ်ခံရသူလည်းဖြစ်သည်။

မတ်လအတွင်း မန်ချက်စတာယူနိုက်တက်နှင့် ကစားသည့် ယူရိုပါလိဂ်ပွဲတွင် တားမြစ်ဆေးသုံးသည်ဟုဆိုကာ ဧပြီတွင် ယူအီးအက်ဖ်အေက ရက် ၃၀ ပွဲကစားခွင့်ပိတ်ခဲ့သေးသည်။ ဆာခို၏ကိုယ်စားလှယ်များက အယူခံဝင်ခဲ့သဖြင့် ထပ်မံအရေးယူ ခံရမည့်အရေးမှ လွတ်ကင်းခဲ့သည်။

ယင်းဗဟို နောက်ခံလူသည် လီဗာပူးလ်တွင် သုံးနှစ်တာကာလအတွင်း လိဂ်ပွဲ ၅၆ ပွဲကစားထားသူ ဖြစ်သော်လည်း လက်ရှိတွင် လီဗာပူးလ်ယူ-၂၃ အသင်းနှင့်သာ လေ့ကျင့်ခန်း ဆင်းနေရသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly