လီဗာပူးလ်နှင့်ပွဲတွင် မန်ယူပရိသတ်များထံမှ ပိုမိုအားပေးမှုကို မော်ရင်ဟိုလိုချင်

လီဗာပူးလ်နှင့်ပွဲတွင် မန်ယူပရိသတ်များထံမှ ပိုမိုအားပေးမှုကို မော်ရင်ဟိုလိုချင်

ဇန်နဝါရီ ၁၁၊ မန်ချက်စတာ။            ။ မန်ချက်စတာယူနိုက်တက်နည်းပြမော်ရင်ဟိုက လာမည့်တနင်္ဂနွေနေ့တွင် အိုးထရက်ဖို့ဒ်၌ ပြင်းထန်သည့်ပြိုင်ဘက် လီဗာပူးလ်နှင့်ရင်ဆိုင်ရမည့် ပရီးမီးယားလိဂ်ပွဲတွင် အသင်းပရိသတ်များအနေဖြင့် ပြဇာတ်ရုံသို့လာကြည့်ခြင်းမျိုးမဟုတ်ဘဲ အသင်းနှင့်အတူ တစ်သားတည်းဖြစ်နေစေရန် တိုက်တွန်းပြောဆိုလိုက်သည်။

ယူနိုက်တက်သည် အင်္ဂါနေ့တွင်ကစားသော လိဂ်ဖလားဆီမီးပထမအကျော့၌ ဟားလ်စီးတီးအသင်းကို မာတာ၊ ဖယ်လိုင်နီတို့၏ သွင်းဂိုးများကြောင့် ၂-၀ ဂိုးဖြင့်အနိုင်ရခဲ့သည်။

သို့သော်လည်း မော်ရင်ဟိုက လီဗာပူးလ်နှင့်ရင်ဆိုင်မည့်ပွဲတွင် လူတိုင်းပိုမိုတိုးတက်ကောင်းမွန်အောင်လုပ်ရမည်ဟု ပြောသည်။

“အဲဒီပွဲက ကျွန်တော်တို့အတွက် အထူးပွဲပါပဲ။ ကျွန်တော်တို့ဘောလုံးကိုစိတ်နှစ်ပြီးကစားမယ်ဆိုရင် ပရိသတ်တွေကလည်း ကွင်းထဲရောက်လာပြီး ကျွန်တော်တို့နဲ့အတူ စီးမျောလိမ့်မယ်။

ကျွန်တော်တို့ လျော့တိလျော့ရဲကစားရင်တော့ ပရိသတ်ဆီကအားပေးသံသိပ်မကြားရတတ်တာ သာမန်ပါပဲ။ ဒါပေမဲ့ ကျွန်တော် တို့နောက်မှာ တွန်းအားပေးနေမယ့် လုံးဝအံ့မခန်းပရိသတ်တွေ ရှိနေပါတယ်။

ကစားသမားတွေ၊ နည်းပြတွေ၊ ပရိသတ်တွေအားလုံးပဲ ပွဲကြီးပွဲကောင်းတွေကိုကြိုက်ကြတယ်။ တနင်္ဂနွေနေ့မှာ လူတိုင်းချစ်ကြတဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲဆီသွားကြစို့”ဟု မော်ရင်ဟိုက ပြောသည်။

ပြိုင်ပွဲစုံ ကိုးပွဲဆက်အနိုင်ရထားသည့် ယူနိုက်တက်သည် တနင်္ဂနွေည ၁၀း၃၀ တွင် လီဗာပူးလ်အသင်းကို အိုးထရက်ဖို့ဒ်၌ လက်ခံ ကစားရမည်ဖြစ်သည်။

လီဗာပူးလ်သည် ပရီးမီးယားလိဂ်တွင်နှစ်ပွဲသာရှုံးထားပြီး နောက်ဆုံးရှုံးပွဲမှာ ဒီဇင်ဘာ ၄ တွင် ဘုန်းမောက်ကို ၄-၃ ဂိုးဖြင့် ရှုံးခဲ့ခြင်း ဖြစ်သည်။

ဂျာဂင်ကလော့ပ်၏ လီဗာပူးလ်အသင်းမှာ ယူနိုက်တက်ထက်ငါးမှတ်အသာရနေပြီး အမှတ်ပေးဇယားဒုတိယနေရာတွင်ရှိနေကာ အမှတ်ပေးဇယားထိပ်မှ ချယ်လ်ဆီးအောက်   ခြောက်မှတ်လျော့နည်းနေသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly