"မြန်မာကို နိုင်ငံတကာက သိအောင် ပထမဆုံးကြိုးစားရတယ်"

"မြန်မာကို နိုင်ငံတကာက သိအောင် ပထမဆုံးကြိုးစားရတယ်"

အောင်မြင်တဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်ဖြစ်ဖို့ စေတနာကအရေးပါတယ်လို့ ဉာဏ်ကြီးရှင် ကော်ဖီထုတ်လုပ်သူကယူဆပါတယ်

ရန်ကုန်(Myanmar Now) ။              ။ အောင်မြင်တဲ့လုပ်ငန်းရှင်ဖြစ်ရေးအတွက် အဓိကကျတဲ့ အချက်ထဲမှာ စေတနာရှိဖို့က အရေး အကြီးဆုံး အချက်ဖြစ်တယ်လို့  ရန်ကုန်မြို့က အထင်ကရအိုင်တီသမားနာမည်ကျော် ဉာဏ်ကြီးရှင် (Genius) အော်ဂဲနစ် ကော်ဖီလုပ်ငန်းထူထောင်သူဦးငွေထွန်းကပြောလိုက်ပါတယ်။ ၄၁ နှစ်အရွယ် ဦးငွေထွန်းကကမ္ဘောဇဘဏ်လီမိတက်ရဲ့ ၂ဝ၁၄ခုနှစ်အတွက် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်ဆု ကို ရရှိထားသူလည်း ဖြစ်ပါတယ်။

ဦးငွေထွန်းကရှမ်းပြည်နယ်ထွက် ဓာတုဆေးကင်းလွတ်တဲ့ ကော်ဖီစေ့ကုန်ကြမ်းအသုံးပြုပြီး ၂ဝ၁၂ မှာကော်ဖီလုပ်ငန်းကိုအစပြုခဲ့တာပါ။ အော်ဂဲနစ်ဆိုင်ရာ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ် ကို အချိန်တိုအတွင်းမှာပဲရရှိအောင် လုပ်ဆောင်နိုင်ခဲ့တဲ့ ဦးငွေထွန်းကလုပ်ငန်းစတင်ခဲ့ပုံတွေ၊ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကိုပြောပြထားပါတယ်။

မေး။   ။ ဉာဏ်ကြီးရှင် ကော်ဖီလုပ်ငန်းကိုစတင်ဖို့အတွက် ဘယ်လိုစိတ်ကူးရခဲ့ပါသလဲ။

ဖြေ။    ။ ပြည်ပရောက်တဲ့အခါ စူပါမားကက်တွေကိုသွားကြည့်ကြည့်တယ်၊ ဗမာကော်ဖီတွေ ထွက်သလားဆိုတော့ထွက်တယ်။ကော်ဖီ ၁၄၊ ၁၅မျိုးလောက်ရှိတယ်။ ဒါပေမယ့် ဘယ်တုန်းကလှော် ထားတယ်၊  ဒီကော်ဖီကဘယ်ကလဲဆိုတာမပြောထားဘူး၊အဲဒါတွေအားလုံးကို ကျွန်တော်သတိထား မိတယ်။ ဟုတ်ပြီ။ ဒါဆိုရင်တော့ ကျွန်တော်ထုတ်မယ်ဆိုရင် ဖြစ်နိုင်တယ်။ အဲဒီလိုနဲ့ ကော်ဖီစထုတ် ဖြစ်တာ။ စခါစတော့ ကော်ဖီကိုကုန်ကြမ်းပဲရောင်းမယ်ဆိုပြီးစိတ်ကူးတာ။ သူများကဒေါ်လာ ၃,ဝဝဝ ရောင်းရင်။ ကျွန်တော်က ၅,ဝဝဝ ရအောင်ဘယ်လိုလုပ်မလဲစဉ်းစားပြီးတော့ထုတ်တာ။ ကုန်ကြမ်းတစ် တန်လောက် ထုတ်ခဲ့ပြီးတဲ့အခါမှာ ကိုယ့်ကော်ဖီအကြောင်းကို သိအောင်လုပ်ရမယ်ဆိုပြီးတော့ လှော်ကြည့်တယ်။ လှော်ကြည့်ရင်းနဲ့မှ အမျိုးတွေကိုပေး၊ ပွဲတွေမှာလှူ၊အဲဒီလိုနဲ့မှသိလာပြီးတော့ အထုတ်လေးတွေစမ်းထုတ်ကြည့်ပြီးတော့ ရောင်းကြည့်တာပါ။

မေး။   ။ ကော်ဖီလုပ်ငန်းထဲစဝင်ချိန်မှာဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရသလဲ။

ဖြေ။    ။ အခက်အခဲကတော့ စျေးကွက်သတင်းအချက်အလက်ရှာဖွေလို့မရဘူး။ ဥပမာ ဗမာပြည်မှာ ကော်ဖီဘယ်နှစ်မျိုးရှိသလဲ။ အဲဒါတွေကိုသိရဖို့အတွက် ကော်ဖီတွေအကုန်လုံးကို စမ်းသောက်ကြည့်၊ ပြီးရင် ဘယ်ကော်ဖီကဘယ်အဆင့်ရှိတယ်ဆိုပြီးအကုန်လုံးသိအောင်လုပ်ပေါ့။ နောက်တစ်ခုကတော့ ဒီမှာကကော်ဖီနဲ့ပတ်သက်တဲ့ နည်းပညာ၊ ဗဟုသုတ၊ သတင်းအချက်အလက် အဲဒါတွေကိုရမယ့်နေရာမရှိဘူး။ အဲဒါတွေကတော့ အဓိကပြဿနာပေါ့။

မေး။   ။ စျေးကွက်ကိုဘယ်လိုကြိုးစားပြီးရှာဖွေခဲ့ပါသလဲ။

ဖြေ။    ။ လွန်ခဲ့တဲ့၄နှစ်လောက်တုန်းက မြန်မာပြည်ကို နိုင်ငံခြားသားတွေလာလည်လို့ ပြန်ရင် ဝယ်စရာပစ္စည်းမရှိဘူး။ မြန်မာပြည်ကထွက်ကုန်ဆိုပြီးတော့ ဝယ်သွားစရာပစ္စည်းမရှိဘူး။ ဝယ်ဖို့အ တွက်ကလည်းတချို့ ပစ္စည်းတွေကဗမာလိုတွေပဲရေးထားတယ်။ တချို့ပစ္စည်းတွေကအသေအချာဘာမှမလုပ်ထားဘူး။ ကျွန်တော်တို့ နိုင်ငံခြားသွားရင် အပြန်မှာ အိမ်အတွက် လက်ဆောင်ပေးဖို့ တစ်ခုခုပြန်ပြီးဝယ်သွားကြတယ်။ သူတို့တွေလည်း အပြန်မှာ ဝယ်သွားချင်ကြမှာပဲဆိုပြီးစဉ်းစားမိတယ်။

အဲဒီလက်ဆောင်ပစ္စည်းစျေးကွက်ကအကြီးကြီးပဲဆိုတာသွားတွေ့တယ်။ လွန်ခဲ့တဲ့ ၄ နှစ် လောက်တုန်းက ဒီကိုခရီးသွားတွေကလည်းလာတယ်။ အဲဒီခရီးသွားတွေ အတွက် တစ်ခုခုတော့ပေးဖို့ ကြိုးစားမယ်ပေါ့။ ကျွန်တော့်ကော်ဖီကို ကျွန်တော်ရောင်းဖို့ စဉ်းစားတဲ့အခါမှာ အဲဒီလက်ဆောင် ပစ္စည်းစျေးကွက်ကိုအရင်စစဉ်းစားတာ၊  အသွင်အပြင်ကသူတို့ကြိုက်တဲ့ဟာမျိုးဖြစ်ဖို့လိုတယ်။ ကျန်တဲ့ ကော်ဖီတွေကို ကြည့်လိုက်တဲ့အခါမှာတော့ အကုန်လုံးကပလက်စတစ်တွေနဲ့ထုပ်တယ်။ ဖန်စီအရောင် တွေနဲ့ထုတ်တယ်။ ကျွန်တော်တို့ အဲဒီလိုကာလာတွေ မထုတ်ဘူး၊ စက္ကူအရောင်လေးနဲ့ ထုတ်မယ်ဆို ပြီး လုပ်တယ်။ စျေးကွက်ကိုကြည့်တော့လည်းဒီမှာကော်ဖီသောက်မယ့်သူတွေကကျန်းမာရေးလိုက်စားတဲ့သူတွေ၊ နောက်တစ်မျိုးကဒီမှာအမြဲနေတဲ့ နိုင်ငံခြားသားတွေကသောက်တယ်။ အဲဒီစျေးကွက်ကလည်း မသေးဘူးဆိုပြီးတော့ အဲဒီစျေးကွက်ကိုအဓိကထားပြီးတော့လုပ်တယ်။ အခုကတော့ စျေးကွက်ပိုပြီး ကျယ်ပြန့်လာအောင်လုပ်ပါတယ်။

မေး။   ။ အော်ဂဲနစ်ကော်ဖီကတခြားကော်ဖီတွေကဘယ်လိုကွာခြားချက်တွေရှိပါသလဲ။

ဖြေ။    ။ အော်ဂဲနစ်ကော်ဖီကတော့ အဲဒါကဘယ်ကလာလဲဆိုတာအထိသိတယ်။ ပုံမှန်ထုတ် တဲ့ ကော်ဖီကတော့ ဘယ်ကလာမှန်းမသိဘူး။ ဒီနယ်ကတော့သိတယ်။ ဒါပေမယ့် ဒီကော်ဖီကမောင်ဖြူ ဆီကလား၊ မောင်မဲဆီကလားဆိုတာတော့ ဘယ်ရွာကလာတာလဲတော့မသိဘူး။ ရောသွားပြီ။ အရသာတွေကလည်း ပြောလို့ပုံမှန်မရနိုင်ဘူး။ ကောင်းချင်ရင်လည်း ကောင်းနိုင်သလို တစ်ခါတစ်ခါ လည်း မကောင်းချင်လည်းမကောင်းဘူး။ အော်ဂဲနစ်ကတော့ သေချာတယ်။ ဒီလိုအရသာပဲပုံမှန်ဖြစ်နေမှာ။ ပြောင်းစရာမရှိဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ထုတ် တဲ့ အော်ဂဲနစ်ကော်ဖီတွေက(ရှမ်းပြည်နယ်) ရွာငံဒေသ၊ အလယ်ကိုင်းရွာတစ်ရွာထဲကပဲလာတာ။ ကော်ဖီစိုက်တောင်သူ ၅ဝက အဲဒီရွာမှာဧက ရ၈ဧကမှာအော်ဂဲနစ်ကော်ဖီစိုက်ပျိုးနေတာ။

မေး။   ။ အော်ဂဲနစ်ကော်ဖီစိုက်ပျိုးဖို့အတွက် ကော်ဖီစိုက်တောင်သူတွေကို ဘယ်လိုစည်းရုံး ခဲ့ရသလဲ။

ဖြေ။    ။ သူတို့ကစိုက်ထားပြီးသား။ အဓိကကတော့ အော်ဂဲနစ်ဆိုတဲ့သဘောကတော့ အဲဒီ အဆင့်အတန်းတွေနဲ့ညီရဲ့လားဆိုတာကိုအသိအမှတ်ပြုလက်မှတ်ပေးလိုက်တာ။ ဒီဒေသမှာရှိတဲ့ မြေယာနောက်ခံအချက်အလက်တွေကိုအေးဂျင့်တစ်ယောက်ကအကုန်လုံးကိုလိုက်ကောက်တာပေါ့။ သူကလည်းအဲဒီမှာနေခဲ့တာ ၁ဝနှစ်လောက်ရှိပြီ။ ဒါရဲ့ မြေယာနောက်ခံအချက်အလက်တွေ အကုန် လုံးကို သူကသိတယ်။ ကျန်တဲ့သူတွေကိုလည်းမေးတယ်။ ခင်ဗျားတို့ဘာတွေစိုက်ဖူးလဲ။ ဘယ်လို ဆေးဝါးတွေသုံးဖူးလဲ၊  အဲဒီရွာကိုသွားပြီးကွင်းဆင်းကြည့်။ လိုအပ်တဲ့ အချက်အလက်တွေကိုစု။ လူတွေကိုလည်းစည်းရုံး။ အော်ဂဲနစ်ဆိုတာဘာလဲဆိုတာကိုပြော။ သင်တန်းတွေလုပ်။ ကော်ဖီဝယ်တဲ့ အချိန်မှာစျေးပိုရမယ်ဆိုတဲ့ အကြောင်းတွေကိုပြောပြီးစည်းရုံးခဲ့တယ်။ ဥပမာပုံမှန်ကော်ဖီက ၁,ဝဝဝ ပဲရရင် အော်ဂဲနစ်ကော်ဖီဆို ၁,၅ဝဝပေးတယ်။ မနှစ်ကဆိုရင်တော့ သူတို့စဉ်းစားနေကြသေးတယ်၊ ၁ဝဝ ရှိတဲ့ အထဲမှာ ၅ဝ ပဲလုပ်တယ်၊ ဒီနှစ်မှာတော့ တစ်ရွာလုံးကလုပ်လာကြတယ်။ သူတို့ရွာကဒီမြို့ နယ်မှာ စံပြဖြစ်ချင်လာကြတယ်။ အသိအမှတ်ပြုလက်မှတ် ရဖို့ကသိန်း ၁ဝဝလောက်ကို ကျွန်တော်တို့ က ရင်းထားရတယ်။ အဲဒါကစွန့်စားမှုပဲ။ အဲဒီလိုနဲ့ ကျွန်တော်တို့ ဗမာပြည်မှာ ပထမဆုံး အော်ဂဲနစ် ကော်ဖီဆိုပြီးထုတ်နိုင်ခဲ့တယ်။

မေး။   ။ ပြည်ပပို့ဖို့အတွက် စျေးကွက်ရှာတဲ့အကြောင်းပြောပြပါဦး။

ဖြေ။    ။ ၂ဝ၁၃ကနေစပြီးတော့ပို့ဖြစ်တယ်။ အဓိကကတော့ ဂျပန်ကိုများတယ်။ ကုန်ကြမ်းက ဟောင်ကောင်နဲ့ ထိုင်ဝမ်နဲ့များတယ်။ စင်္ကာပူကိုလည်းပို့တယ်။ သြစတြီးယားနဲ့ဂျပန်ကတော့ အသင့် စားလို့ရတဲ့ ထွက်ကုန်ကိုပို့ပေးတယ်။ အဓိကအခက်အခဲကတော့ မြန်မာဆိုတဲ့ဟာကို နိုင်ငံတကာက မသိဘူး။ မြန်မာကို နိုင်ငံတကာကသိအောင်ပထမဆုံး ကြိုးစားရတယ်။ အဲဒါကအဓိကအခက်အခဲပဲ။ သိပြီးတဲ့အခါမှာတော့ နမူနာတွေပို့ရတယ်။ ကျွန်တော်တို့က အာဆီယံအဆင့်မှာလည်း တော်တော်ကောင်းတဲ့ ကေ်ာဖီအရည်အသွေးတွေရထားတယ်။   မြေကြီးကတော်တော်ကောင်းတယ်။   မြေကြီးကဗီယက်နမ်တို့ဘာတို့လိုမြေသြဇာတွေအများကြီးသုံးပြီးတော့ စိုက်ထားတာမဟုတ်ဘူး။ အဲဒါကိုသာအသုံးသေသေချာချာ ချနိုင်တယ်ဆိုရင် ကော်ဖီနဲ့ နိုင်ငံခြားဝင်ငွေတွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေရနိုင်တယ်။ အဲဒီအရပ်ဒေသတွေကိုဖွံ့ဖြိုးဖို့ဆိုရင် အဲဒီလူတွေကိုယ်တိုင်က အလုပ်အ ကိုင်တွေ ဝင်ငွေတွေရှိလာမှ ဖွံ့ဖြိုးအောင်လုပ်နိုင်မှာပေါ့။

မေး။   ။ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းလုပ်ချင်တဲ့ လူငယ်တွေကို ဘာတွေများ အကြံဉာဏ် ပေးချင်ပါသလဲ။

ဖြေ။    ။ လုပ်ငန်းလုပ်တဲ့အခါမှာကိုယ့်ရဲ့နည်းပညာနဲ့ရင်းနှီးမြှုပ်နှံမှုကိုမျှတအောင်သုံးဖို့ရယ်။ အဓိကကတော့ စေတနာပါပဲဗျ။ စေတနာသာကောင်းမယ်ဆိုရင်တော့ ကျန်တဲ့ဟာတွေအားလုံးက သူ့ဘာသာသူနောက်ကနေလိုက်လာပါလိမ့်မယ်။ ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly