ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းအရေအတွက် တိုးလိုက်ခြင်းမှာ ငွေကြေးအကျိုးအမြတ်ကြောင့် မဟုတ်ဟု ဖီဖာဥက္ကဋ္ဌ ပြော

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းအရေအတွက် တိုးလိုက်ခြင်းမှာ ငွေကြေးအကျိုးအမြတ်ကြောင့် မဟုတ်ဟု ဖီဖာဥက္ကဋ္ဌ ပြော

ဇန်နဝါရီ ၁၁၊ ဇူးရစ် ။            ။ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းအရေအတွက်တိုးလိုက်ခြင်းမှာ ငွေကြေးအကျိုးအမြတ်ကြောင့်မဟုတ်ကြောင်း ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ပြောဆိုလိုက်သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ပြီးခဲ့သည့် အင်္ဂါနေ့က ဇူးရစ်မြို့တွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်း အရေအတွက်ကို ၃၂ သင်းမှ ၄၈ သင်းသို့တိုးမြှင့်ရန် မဲခွဲဆုံးဖြတ်ခဲ့ကြသည်။ နောက်ဆုံး ၄၈ သင်းသို့ တိုးမြှင့်ရန် အတည်ပြုနိုင်ခဲ့ပြီး ၂၀၂၆ ကမ္ဘာ့ဖလားမှ စတင်ကာ ပြိုင်ပွဲဝင်အသင်းအရေအတွက် တိုးမြှင့်သွားမည်ဖြစ်သည်။

ပြိုင်ပွဲပုံစံမှာ ၄၈ သင်းကို ၃ သင်း ၁၆ အုပ်စု ခွဲဝေပြီး ၃၂ သင်းက နောက်တစ်ဆင့်တက်ရောက်ကာ အဆင့်ဆင့် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ ထိုကဲ့သို့ အသင်းအရေအတွက် တိုးလိုက်ခြင်းကြောင့် ၀င်ငွေမှာ ပေါင် ၅.၂၉ ဘီလီယံအထိ တိုးလာမည်ဖြစ်ပြီး အမြတ်ငွေမှာ ပေါင် ၅၁၂ သန်းလောက်အထိ ရရှိမည် ဖြစ်သည်။

သို့သော် ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ‘ဝေဖန်နေကြသလိုမျိုးမဟုတ်ပါဘူး။ ဒါက ဘောလုံးနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်ပါ။ ပြိုင်ပွဲပုံစံတိုင်းက ငွေကြေးဆိုင်ရာ အကျိုးအမြတ်ကိုပဲ ဦးတည်ကြတာပါ။ ကျွန်တော်တို့ရဲ့ အပြောင်းအလဲက အားကစားကိုအခြေခံတဲ့အပြောင်းအလဲဖြစ်လို့ အားလုံးအေးအေးဆေးဆေးပါပဲ။ သမိုင်းဝင် ဆုံးဖြတ်ချက်နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးက ၂၁ ရာစုထဲကို တိုးဝင်လာမှာပါ’ ဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly