လူမျိုးရေးခွဲခြားမှုဖြင့် အမေရိကန်ဘုရားကျောင်းအတွင်း ဝင်ရောက်ပစ်ခတ်သူအား သေဒဏ်ချ

လူမျိုးရေးခွဲခြားမှုဖြင့် အမေရိကန်ဘုရားကျောင်းအတွင်း ဝင်ရောက်ပစ်ခတ်သူအား သေဒဏ်ချ

နယူးယောက်၊ ဇန်နဝါရီ ၁၁ ။          ။ ၂၀၁၅ ခုနှစ်အတွင်းက အမေရိကန်တစ်နိုင်ငံလုံး တုန်လှုပ်ခြောက်ခြားသွားစေသည့် တောင်ကယ်ရိုလိုင်းနားရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းအတွင်း ဝင်ရောက်ပစ်ခတ်၍ ဝတ်ပြုဆုတောင်းနေသည့် လူမည်းကိုးဦး သေဆုံးစေခဲ့သော လူဖြူလူမျိုးကြီးဝါဒီသမား ဒိုင်လန်ရုဖ်အား တရားရုံးက သေဒဏ်ချမှတ်လိုက်သည်။

အသက် ၂၂ ဒိုင်လန်အား ပြီးခဲ့သည့်လက လူမျိုးရေးမုန်းတီးမှုရာဇဝတ်မှုအပါအဝင် စွဲဆိုချက်ပေါင်း ၃၃ ခုဖြင့် အပြစ်ရှိကြောင်း စီရင်ဆုံးဖြတ်ခဲ့သည်။

၎င်းက ချားလိစတန်မြို့တွင်းရှိ လူမည်းဘုရားရှိခိုးကျောင်းသို့ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်မှုဖြစ်ပွားချိန်က သမ္မာကျမ်းစာလေ့လာရေးအဖွဲ့က ဒိုင်လန် ဘုရားကျောင်းအတွင်း ဝင်ရောက်လာစဉ် ခရီးဦးကြိုပြုခဲ့သည်။ ၎င်းက ဝတ်ပြုသူများနား ရောက်ရှိပြီး ပစ်ခတ်ခြင်းဖြစ်ရာ အသက် ၂၆ နှစ်မှ ၈၇ နှစ်ကြားရှိ လူမည်း ကိုးဦး သေဆုံးခဲ့ရသည်။

ထိုပစ်ခတ်မှုအားဖြင့် နိုင်ငံအတွင်း လူမျိုးရေးမုန်းတီးမှုနှင့် လက်နက်ကိုင်ဆောင်ခွင့်တို့နှင့် ပတ်သက်ကာ သဘောထားငြင်းခုံမှုများ ပေါ်ပေါက်ခဲ့သည်။

ဂျူရီအဖွဲ့ဝင် ၁၂ ဦး၏ သေဒဏ်ချမှတ်ခြင်းအပေါ် ဒိုင်လန်က အမူအယာအားဖြင့် စိုးစဉ်းမျှသာ ပြောင်းလဲမှု ရှိခဲ့သည်။ သေချာအကဲဖြတ်ပါက သေဒဏ်ပေးလိုက်သည်ကိုပင် အနည်းငယ်ပြံုးယောင်ယောင် အသွင်အပြင်အား တွေ့ရသည်။

ပြည်နယ်တရားသူကြီး ရစ်ချက်ဂါဂျယ်က ဒိုင်လန်အား ဂျူရီအဖွဲ့၏ သေဒဏ်ပြစ်ဒဏ်အား ချာလိစတန်မြို့အုပ်ချုပ်ရေးရုံးသို့ ဇန်နဝါရီ ၁၁ ရက်တွင် ပေးပို့သည်။ ၎င်းအား သေဒဏ်ပေးခြင်းကို ဂျူရီလူကြီးမင်းအားလုံး တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။

အစောပိုင်းက ဒိုင်လန်သည် “ကျွန်တော် ခုလိုပစ်သတ်ခဲ့တာကို ခုထိ စိတ်ထဲမှာ ခံစားနေရတုန်းပဲ။”ဟု ဂျူရီအဖွဲ့အား ပြောခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly