ဘင်္ဂလားဒေ့ရှ် ‘သစ်ပင်လူသား’ အရေပြားရောဂါ ခွဲစိတ်ကုသမှု အောင်မြင်

ဘင်္ဂလားဒေ့ရှ် ‘သစ်ပင်လူသား’ အရေပြားရောဂါ ခွဲစိတ်ကုသမှု အောင်မြင်
(ဓာတ်ပုံ - အီးပီအေ)

ဘင်္ဂလားဒေ့ရှ် သစ်ပင်လူသား အဘူ ဘာဂျန်ဒရာဟာ သူ့ရဲ့ လက်နှင့် ခြေထောက်များမှ သစ်ကိုင်းများလို ထိုးထွက်နေတဲ့ အဖုအထစ်များကို ဖယ်ရှားပစ်ဖို့ ဆက်တိုက် ခွဲစိတ်ပြုလုပ်မှု မကြာသေးမီက ပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။

ဘာဂျန်ဒရာဟာ နောက်ဆုံး ၄ နှစ်အတွင်းမှာ epidermodysplasia verruciformis (EV) လို့ခေါ်တဲ့ ရှားပါး အရေပြားရောဂါခံစားခဲ့ရတာကြောင့် သူ့သမီးငယ်လေးကို ချီတာကအစ နေစဉ် အလုပ်တာဝန်တွေကို မလုပ်ဆောင်နိုင်တော့ပါဘူးလို့ အီးပီအေသတင်းထောက်ကို အင်္ဂါနေ့က ပြောပါတယ်။

ဒီအခြေအနေကြောင့် သူ့ကို သုံးဘီးအနှေးယာဉ်မောင်းအလုပ်ကနေ ထွက်ခွာစေခဲ့ပါတယ်။

အသက် (၂၇) နှစ်အရွယ် ဘာဂျန်ဒရာမှာ အသားမာကြွက်နို့ဆန်ဆန် တစ်ရှူးပျက်စီးမှုကို ဖြစ်ပေါ်စေတဲ့ ရှားပါး ရောဂါတစ်မျိုးကို နှစ်ပေါင်း ၂၀နီးပါး ကြာမြင့်အောင် ခံစားလာနေခဲ့ရပါတယ်။ ထိုရောဂါကို သစ်ပင်လူသားရောဂါလို့လည်း ခေါ်ပါတယ်။

‘ဒါက ဘင်္ဂလားဒေ့ရှ်မှာရော ကမ္ဘာမှာပါ အရှားပါးဆုံး ရောဂါ တစ်ခု ဖြစ်နိုင်ပါတယ်’လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် ဒါကာဆေးရုံမှ ခွဲစိတ်ဆရာဝန်ချုပ် လယ်ဆင်းက ပြောကြားခဲ့ပါတယ်။

သူဟာ ဒါကာဆေးဘက်ဆိုင်ရာ ကောလိပ်ဆေးရုံမှာ လက်နှင့် ခြေထောက်များမှ အဖုအထစ်များကို ဖယ်ရှားဖို့ တနှစ်နီးပါး ခွဲစိတ်ကုသမှုများစွာ အကြိမ်ကြိမ်ခံယူခဲ့ပြီး ဆေးကုသမှု ကုန်ကျစရိတ်အားလုံးကို ဘင်္ဂလားဒေ့ရှိအစိုးရက ပေးဆောင်ခဲ့ပါတယ်။

"ခွဲစိတ်ကုသမှု ၁၆ ကြိမ် ပြီးဆုံးခဲ့ပြီဖြစ်လို့ ကျနော် ပျော်ရွှင်ပါတယ်။ ပြီးတော့ ပိုပြီး ကောင်းလာတယ်လို့ ခံစားရပါတယ်"လို့ ဘာဂျန်ဒရာက ဆေးရုံကုတင်ပေါ်ကနေ ပြောပါတယ်။

ဆေးရုံမှာ ကုသမှုခံရစဉ် တလျှောက် သူ့နားမှာတော့ ၃ နှစ်အရွယ် သမီး တာဟီရာနှင့် ဇနီး ဟာလီမာတို့က အတူ ရှိနေပေးခဲ့သလို သူ့မိခင်မှာလည်း အချိန်တော်တော်များ ဆေးရုံမှာ ကုန်ဆုံးခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၅ ရက်ကြာက ခွဲစိတ်ထားမှုကြောင့် သူ့ရဲ့ ညာဖက်လက်မှာ ပတ်တီးစီးထားပြီး ၎င်းကို ဇန်နဝါရီလကုန်လောက်မှာ ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။

သူဟာ အပြည့်အဝ ပြန်ကောင်းဖို့ ရှေ့မှာ နောက်ထပ်ခွဲစိတ်မှု ပိုမိုပြုလုပ်ဖို့ လိုအပ်သေးတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

အခုမှာတော့ သူဟာ သူ့သမီးအတွက် ပုံမှန်ဖခင်တစ်ဦးလို နေနိုင်လာပြီး ပုံမှန်ဘဝတစ်ခုမှာ နေထိုင်အသက်ရှိပြီး အနာဂတ်မှာ အလုပ်ပြန်ဝင်ဖို့ မျှော်လင့်နေရပြီဖြစ်လို့ သူနဲ့ သူ့မိသားစုဟာ ပျော်ရွှင်ပါတယ်လို့ ဘာဂျန်ဒရာက ပြောပါတယ်။

Ref; EFE_EPA, CNN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags