ကားလိုင်းပြေးဆွဲမှု ဖျက်သိမ်းခံရသော ၁၉၉၅ အောက်မော်ဒယ် ယာဉ်များအပ်နှံပါက သိန်းတစ်ရာတန် လူစီးစလစ်များထုတ်ပေးမည်

ကားလိုင်းပြေးဆွဲမှု ဖျက်သိမ်းခံရသော ၁၉၉၅ အောက်မော်ဒယ် ယာဉ်များအပ်နှံပါက သိန်းတစ်ရာတန် လူစီးစလစ်များထုတ်ပေးမည်

ရန်ကုန်၊ ဇန်နဝါရီလ ၁ ။            ။ ရန်ကုန်မြို့တွင်း လက်ရှိပြေးဆွဲနေသော ၁၉၉၅ ခုနှစ်အောက် မော်ဒယ်များဖြစ်သည့် စီးတီးဘတ်စ်၊ မီနီဘတ်စ်၊ ဘီအမ်ကား၊ ဒိုင်နာကား စသည့် ယာဉ်များကို ယခုလက်ရှိတွင် သက်ဆိုင်ရာအစိုးရထံ ပြန်လည်အပ်နှံပါက ကျပ် သိန်းတစ်ရာဝန်းကျင်ရှိ လူစီးစလစ်များ ထုတ်ပေးမည်ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အဖွဲ့ဝင် ၄၅ ယာဉ် လိုင်းပိုင်ရှင် ကိုတရုတ်လေးက ပြောသည်။

" ဒီလူစီးစလစ်ဆိုတာက အမြဲတမ်းထုတ်ပေးနေမှာ မဟုတ်ဘူး။ ကျွန်တော်တို့ အမြင်ပြောရရင် ခဲလုံးတစ်လုံးကို မိုးပေါ်ပစ်တင်လိုက်ရင် အချိန်တန်ရင် ပြန်ကျမှာပဲ။ အခုက ခဲလုံးက မိုးပေါ်ရောက်နေပြီ။ ပြန်ကျလာရင်တော့ အဲ့ဒီအချိန်မှာ ဘာမှ တန်ဖိုးမရှိတဲ့ကား ဖြစ်သွားမယ်"ဟု ကိုတရုတ်လေးက ရှင်းပြသည်။

၁၉၉၅ ခုနှစ်မော်ဒယ်အောက် ယာဉ်ပိုင်ရှင်များအနေဖြင့် ဇန်နဝါရီလ ၁ဝ နေ့မှစတင်ကာ တောင်ဥက္ကလာပမြို့နယ်၊ ဗြဟ္မစိုရ်လမ်းရှိ ရန်ကုန်အရှေ့ပိုင်းခရိုင်စုပေါင်းရုံး၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့တွင် လာရောက် လျှောက်ထားနိုင်ပြီ ဖြစ်သည်။

ယာဉ်များကို လာရောက်အပ်နှံပါက ကာလပေါက်စျေးအတိုင်း လူစီးစလစ်ပေါက်စျေး သိန်းတစ်ရာဝန်းကျင်ခန့် ရရှိမည်ဖြစ်ပြီး အများပိုင်ယာဉ်လိုင်းစနစ်သစ်တွင် ပါဝင်မည်ဆိုပါက ဘဏ်ချေးငွေများဖြင့် ချိတ်ဆက်ပြီး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အကယ်၍ ၁၉၉၅ ခုနှစ်မော်ဒယ်အောက်ယာဉ်ပိုင်ရှင်များအနေများဖြင့် လူစီးစလစ် မယူလိုပါက  အဆိုပါကားများအား အခြားလုပ်ငန်းပြောင်းလဲလုပ်ကိုင်ရန် (ဃ) လိုင်စင် ပြောင်းလဲခွင့်ရှိပြီး CNG ဓာတ်ငွေ့ကိုလည်း ဆက်လက်အသုံးပြုခွင့်ပြုမည် ဖြစ်သည်။

အများပိုင်ယာဉ်လိုင်းစနစ်သစ်ဖြင့် ရန်ကုန်တိုင်းအတွင်း ဇန်နဝါရီလ ၁၆ နေ့မှ စတင်ကာ ယာဉ်လိုင်းပေါင်း ၆ဝ ဖြင့် စတင်ပြေးဆွဲတော့မည်ဖြစ်ပြီး ၁၉၉၅ ခုနှစ် မော်ဒယ်အောက် ယာဉ်မှန်သမျှကို ဆက်လက်ပြေးဆွဲခွင့်ပြု တော့မည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့တွင် လာရောက် အပ်နှံသည့် ယာဉ်များကို လူစီးစလစ်ထုတ်ပေးထားသည့်မှာ ၅ဝဝ ကျော်ရှိသွားပြီဖြစ်ကြောင်းလည်း လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် ပြောပြချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly