ရန်ကုန်မြို့ရဲ့အပြောင်းအလဲအသစ် ယာဉ်လမ်းကြောင်းများအတွက် စေတနာ့ဝန်ထမ်းများ လိုအပ်နေ

ရန်ကုန်မြို့ရဲ့အပြောင်းအလဲအသစ် ယာဉ်လမ်းကြောင်းများအတွက် စေတနာ့ဝန်ထမ်းများ လိုအပ်နေ
ဓာတ်ပုံ-Ei Myat Mon Oo ဖေ့ဘုတ်

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ။            ။ ဇန်နဝါရီ ၁၆ ရက်နေ့တွင် စတင်ပြေးဆွဲသွားမည့် ရန်ကုန်မြို့တွင်း ယာဉ်လမ်းကြောင်းသစ်များကြောင့် ခရီးသွားပြည်သူများ ခက်ခဲမှုမရှိစေရန် ကူညီဆောင်ရွက်ပေးမည့်   စေတနာ့ဝန်ထမ်းများလိုအပ်နေပြီး ခေါ်ယူသွားမည်ဟု ကျောက်တံတားမဲဆန္ဒနယ်အမတ် ဒေါ်ကြည်ပြာက ပြောသည်။

"၁၆ ရက်နေ့ကျရင် ကိုယ့်မြို့နယ်အလိုက် လုပ်ပေးမယ့်လူရှိရင် ကိုယ်စားလှယ်တွေကတစ်ဆင့် ချိတ်ဆက်ပြီးတော့ သူတို့ကို စာအုပ်လေးတွေပေးမယ်။ အကျႌလေးတွေ ပေးမယ်။ လက်ပတ်လေးတွေ   ပေးမယ်။ သူတို့က ဘတ်စ်ကားမှတ်တိုင်မှာ စောင့်နေပြီးတော့ ကူညီပေးသွားမှာပါ " ဟု ဒေါ်ကြည်ပြာက ဆိုသည်။

လူသွားလူလာများသည့် မှတ်တိုင်များ၌  စေတနာ့ဝန်ထမ်းများမှ Yangon Bus တီရှပ်၊ လက်ပတ်ဝတ်ဆင်ကာ လမ်းညွှန်စာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် ရုံးတက်ရုံးဆင်းချိန်များတွင်   စောင့်ကြည့်ကူညီပေးသွားရမှာ ဖြစ်သည်။

အဆိုပါ စေတနာ့ဝန်ထမ်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ အကျႌများ လက်ပတ်များ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး အခြားသော ၈၈ ပွင့်လင်းလူအဖွဲ့အစည်းမှ ဦးမင်းကိုနိုင်တို့ဘက်မှလည်း ကူညီပေးသွားမည်ဟု သိရသည်။

ပန်းဘဲတန်းမဲဆန္ဒနယ်အမတ် ဦးသန်းနိုင်ဦးက "၁၃ ရက်နေ့ကျရင် တိုင်းဒေသကြီးအစိုးရက တီရှပ်တွေ လက်ကမ်းစာစောင်တွေ ထုတ်ပေးလိမ့်မယ်။ အဲ့ကြမှ ကူညီမယ့်လူအရေအတွက်အလိုက်   ပြန်ဝေပေးမယ်" ဟု ပြောသည်။

စေတနာ့ဝန်ထမ်းဆောင်ရွက်လိုသူများအနေဖြင့် Yangon Bus https://www.facebook.com/yangonbus/ သို့ဖြစ်စေ၊ မြို့နယ်အလိုက် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များထံ ဖြစ်စေ ဆက်သွယ်စာရင်းပေးနိုင်ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့တွင် မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ(မထသ)ကို ဖျက်သိမ်းသွားပြီး အများပိုင်သယ်ယူပို့ဆောင်ရေးစနစ်သစ်ဖြင့် ဇန်နဝါရီလ ၁၆ ရက်နေ့မှ စတင်ကာ ပြေးဆွဲသွားတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။ သို့ပေမယ့် ဘတ်စ်ကားလိုင်းများပြေးဆွဲဖို့ အများပြည်သူသိစေရန် ထုတ်ပြန်ကြေညာသည့် အချိန်မှာ နည်းလွန်းသည်ဟု ပြည်သူများအကြား ဝေဖန်ပြောဆိုမှုများလည်းရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly