ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကချင်ပြည်နယ်ခရီးစဉ် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကချင်ပြည်နယ်ခရီးစဉ် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့
Photo-EPA

ချင်းမိုင်၊ဇန်နဝါရီလ ၁၀ ။            ။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ (Ms Yanghee Lee )သည် ဇန်နဝါရီလ ၁၀ ရက်နေ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ကချင်စစ်ပြေးဒုက္ခသည် စခန်းများသို့ သွားရောက် လေ့လာခဲ့သည်။

ကချင်စစ်ပြေး ဒုက္ခသည်များက ၆ နှစ်ကြာ စစ်ပြေးဒုက္ခခံနေရပြီ ဖြစ်၍ အမြန်ဆုံး ငြိမ်းချမ်းနေလိုပြီး နေရပ်ပြန်နိုင်ရေးအတွက် အကောင်အထည်ဖော်ပေးရန် Ms Yanghee Lee အား တင်ပြခဲ့သည်ဟု နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ မိုင်းနားစခန်းတာဝန်ခံ ဆရာခေါင်ဒေါင်က ပြောသည်။

“သူက အဓိကတော့ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးမှ နယ်မြေလုံခြံုရေး၊ ပညာရေးကိစ္စတွေ မေးတယ်။ ကျွန်တော်တို့က လက်ရှိ ဖြစ်နေတဲ့ တိုက်ပွဲအကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲအကြောင်း အခု အသစ်ရွှေ့ပြောင်းလာတဲ့လူတွေရဲ့ လုံခြံုရေးကိစ္စတွေ တင်ပြတယ်။ ကျွန်တော်တို့ နေရပ်ပြန်နိုင်ရေးကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ သူ့အနေနဲ့ တိုက်တွန်းပေးဖို့   တောင်းဆိုခဲ့တယ်”ဟု သူက မဇ္စျိမကို ပြောသည်။

မိုင်းနား ဒုက္ခသည်စခန်းတွင် မူလက ဒုက္ခသည် ၂၀၀၀ ကျော် ခိုလှုံနေပြီး အင်ဂျန်းယန်မြို့နယ် အောင်ရာကျေးရွာမှ ဒုက္ခသည် အိမ်ထောင်စု ၉ စုနှင့် လက်ရှိ တိုက်ပွဲဖြစ်ပွားနေသော ဝိုင်းမော်မြို့နယ် မုန်ဂါဇွပ်ဘက်မှ အိမ်ထောင်စု ၄ စုရှိ ဒုက္ခသည်များနှင့်လည်း သီးသန့်တွေ့ဆုံခဲ့ကာ ၄င်းတို့ လုံခြံုရေးကိစ္စများ တင်ပြခဲ့သည်ဟု မိုင်းနားစခန်းတာဝန်ခံ ဆရာခေါင်ဒေါင်က ပြောသည်။

ထို့နောက် မိုင်းနား၊ ကက်သလစ်အသင်းတော်ရှိ စစ်ပြေးဒုက္ခသည်စခန်းသို့လည်း သွားရောက် လေ့လာခဲ့သည်ဟု သိရသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Ms Yanghee Lee သည် မြစ်ဆုံစီမံကိန်း နေရာသို့ သွားရောက်ခဲ့သည်ဟု သိရသော်လည်း မြစ်ဆုံ စီမံကိန်းကြောင့် ပြောင်းရွှေ့နေထို်င်နေသော   အောင်မြင်သာကျေးရွာသို့  ရောက်မလာသဖြင့် တွေ့ဆုံခြင်း မရှိခဲ့ကြောင်း အောင်မြင်သာကျေးရွာမှ ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒုက္ကဋ္ဌ ဒေါ်ဂျာခေါန်က ပြောသည်။

“ကျွန်မတို့ အောင်မြင်သာကိုတော့ မလာဘူး။ မြစ်ဆုံ ဟိုဘက်ကမ်းကိုလည်း မလာဘူး။ ဒါပေမဲ့ ကျွန်မ ပြန်မေးကြည့်တော့ ဒီနေ့ မြစ်ဆုံဘက်မှ လူကြီးခရီးစဉ် ရှိတယ်လို့ ပြောတယ်။ ကျွန်မတော့ မသိလိုက်ပါဘူး”ဟု သူက ပြောသည်။

Ms Yanghee Lee သည် ဇန်နဝါရီလ ၉ ရက်နေ့က မြစ်ကြီးနားမြို့သို့ ရောက်ရှိလာ၍ သူမ၏ ကချင်ပြည်နယ် ခရီးစဉ်အတွင်း ဖားကန့်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)ဌာနချုပ် လိုင်ဇာသို့ သွားရောက်ရန် စီစဉ်ခဲ့သော်လည်း သက်ဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုချက်မရသဖြင့် မသွားဖြစ်ခဲ့ကြောင်း သိရသည်။

Ms Yanghee Lee သည် ဇန်နဝါရီလ ၉ ရက် ညနေပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အစိုးရအဖွဲ့၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများများ၊ လူမှုအခြေပြု အဖွဲ့အစည်းများနှင့် လူသားချင်း စာနာထောက်ထားမှု ပေးနေသော အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သည် ဇန်နဝရီလ ၈ ရက်က ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး ၁၂ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် သတ်မှတ်ထားသည်။ ပထမနေ့ ခရီးစဉ်အဖြစ် ကချင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး ယနေ့တွင် ကချင်စစ်ပြေးဒုက္ခသည်စခန်းများသို့ သွားရောက်၍ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။

မြန်မာနိုင်ငံသို့ ၅ ကြိမ်မြောက်ခရီးစဉ်အတွင်း ပဋိပက္ခဖြစ်ပွားနေသော ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်များသို့ သွားရောက်ခဲ့ပြီး ရန်ကုန်မြို့နှင့် နေပြည်တော်ရှိ အစိုးရ တာဝန်ရှိသူများ၊ တပ်မတော်မှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

သူ၏ ခရီးစဉ်အတွင်း လေ့လာစုံစမ်း ရရှိသော အချက်အလက်များကို လာမည့် မတ်လတွင် ကျင်းပမည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံတွင် အစီရင်ခံစာ တင်သွင်းမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly