အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် မော့တောင်နယ်စပ်ဒေသရှိ နေအိမ် ၃လုံးနှင့် တံတားပျက်စီး

အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် မော့တောင်နယ်စပ်ဒေသရှိ နေအိမ် ၃လုံးနှင့် တံတားပျက်စီး
ဓာတ်ပုံ - မော့တောင်သစ္စာ(ဒေသခံ)

မြိတ်၊ ဇန်နဝါရီ- ၁၀ ။               ။ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စု အတွင်းရှိ မော့တောင်ဒေသ အမှတ်(၉) ကျေးရွာတွင် ဇန်နဝါရီ ၈ ရက်မှ စတင်ရွာသွန်းခဲ့သည့် အချိန်အခါမဲ့ မိုးကြောင့် ဇန်နဝါရီ ၁၀ရက်က တောင်ကျချောင်းရေ ရုတ်တရက်ကြီးမြင့်ခဲ့သည်။

တောင်ကျချောင်းမှ မိုးရေများကြောင့် ကျေးရွာအတွင်းရှိ လူနေအိမ်အချို့ ရေနစ်မြုပ်ခဲ့ပြီး အိမ်ထောင်စု(၁၁)စု၊ လူဦးရေ ၄၉ ဦးခန့် ရေလွတ်ရာသို့ ယာယီပြောင်းရွေ့ခဲ့ရသည်။

ယင်းအပြင် ကျေးရွာအတွင်းရှိ ရွာလယ်တံတားတစ်စင်းမှာလည်း နစ်မြုပ်ခဲ့ရပြီး လူနေအိမ် ၃ လုံး တောင်ကျချောင်းရေနှင့် မျောပါခဲ့ရသည်ဟု မော့တောင်နယ်မြေရဲစခန်းမှ သိရသည်။

လက်ရှိ ဇန်နဝါရီ ၁၀ ရက်တွင် ရေနစ်မြုပ်မှု အခြေအနေ ပြန်လည်လျော့ကျနေပြီဖြစ်သော်လည်း ရေနစ်မြုပ်ခဲ့ရသည့် နေရာများပြုပြင်မှုလုပ်ငန်းများကို မော့တောင်ဒေသရှိ အမှတ်(၁၇)ခြေလျင်တပ်ရင်းမှ ဆောင်ရွက်ပြုပြင်နေဆဲဖြစ်ကြောင်းသိရသည်။

မြိတ်ခရိုင် မော့တောင်နယ်စပ်ဒေသတွင် ရေကြီးရေ လျှံမှုဖြစ် သကဲ့သို့ မြိတ်ခရိုင်နှင့်ထိစပ်လျက်ရှိသည့် ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခံခရိုင်အပြင် ခရိုင်၁၂ ခု တွင် ရုတ်တရက်ရေကြီးမြင့်မှု   ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားကြောင်းသိရပြီး ရေကြီးမြင့်မှုကြောင့် ဇန်နဝါရီ ၉ ရက်နေ့အထိ ထိုင်းနိုင်ငံတောင်ပိုင်းတွင် လူသေဆုံးမှု ၂၁ ဦးအထိ ရှိခဲ့သည်။

လေဖိအားနည်းရပ်ဝန်းသည် ထိုင်းနိုင်ငံတောင်ပိုင်းနှင့် မြန်မာနိုင်ငံရှိ ပြည်နယ် နှင့် တိုင်းဒေသကြီး လေးခုသို့ သက်ရောက်နိုင်ကြောင်းလည်း ခန့်မှန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly