ဥတ္တရသီရိမြို့နယ်တွင် ဝါးတင်လာသည့်ကား တိမ်းမှောက်ပြီး ၁၃ဦး သေဆုံး

ဥတ္တရသီရိမြို့နယ်တွင် ဝါးတင်လာသည့်ကား တိမ်းမှောက်ပြီး ၁၃ဦး သေဆုံး
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇန်နဝါရီ ၁၀ရက်၊ ၂၀၁၇ခုနှစ်)။ ။ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ မကွေး-ကံပြားလမ်းပိုင်း မိုင်တိုင်အမှတ် ၉မိုင်၊ ၅ဖာလုံအနီးတွင် ဝါးများ တင်လာသည့် ကားတစ်စီး တိမ်းမှောက်ရာမှ လူ ၁၃ဦးသေဆုံးပြီး ၁၉ဦး ဒဏ်ရာရရှိသည့် ယာဉ်မတော်တဆမှု ဇန်နဝါရီ ၉ရက်၊ ညနေ ၄နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်။

“ဒီ(ယာဉ်)အပေါ်မှာ ပါတဲ့သူအားလုံးက ၃၂ယောက်ရှိတယ်။ ၃၂ယောက်မှာမှ ၁၃ယောက်သေတယ်။ ၁၃ယောက်ထဲမှာမှ ကျားက ၁၂ဦး၊ မ ၁ဦး သေတယ်။ ကျန်တဲ့သူတွေကတော့ ဒဏ်ရာရတယ်။ သူတို့ကို ကုတင် ၁၀၀၀ ဆေးရုံမှာ ကုသနေတယ်” ဟု ဥတ္တရသီရိမြို့နယ်မှ ယာဉ်မှုစစ်ဖြစ်သူ ရဲအုပ် မောင်မောင်သိန်းက ဇန်နဝါရီ ၁၀ရက်တွင် မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။

တောထဲတွင် ဝါးခုတ်ပြီးနောက် အဆိုပါ ဝါးများကို ကားပေါ်တင်ကာ ဝါးများ၏ အပေါ်တွင် လူများက လိုက်ပါခဲ့ကြပြီး နေပြည်တော်ဘက်သို့ မောင်းနှင်လာရင်း ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများသည် ဥတ္တရသီရိမြို့နယ်အတွင်းရှိ သဲကျွန်း၊ နှင်းခင်းကြီးနှင့် မင်းကုန်းကျေးရွာတွင် နေထိုင်ကြသူများ ဖြစ်သည်။

“ဒီဘက် နယ်မြေမှာ ကျွန်တော် တာဝန်ထမ်းဆောင်လာတာ ကြာပြီ။ ဒါပေမယ့် ဒီလို အများကြီးသေဆုံးသွားတဲ့ဖြစ်စဉ်မျိုး ကျွန်တော် မကြံုဖူးသေးဘူး” ဟု ရဲအုပ် မောင်မောင်သိန်းက ဆိုသည်။

ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သည့် အဆိုပါ လမ်းပိုင်းသည် အကွေ့အကောက်များသည့် လမ်းပိုင်းဖြစ်သောကြောင့် ယာဉ်းမောင်းများအနေဖြင့် လုံးဝ သတိမလွတ်သင့်ကြောင်းလည်း ၎င်းက ပြောသည်။

ယာဉ်မတော်တဆမှုနှင့်ပတ်သက်ပြီး ဒဏ်ရာရရှိခဲ့သည့် ယာဉ်းမောင်းဖြစ်သူကို ယာဉ် ပ/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၄-က၊ ၃၃၈၊ ၃၃၇တို့ဖြင့် အမှုဖွင့် အရေးယူထားသည်။

“သူ(ယာဉ်မောင်း) ကျန်းမာရေးကောင်းလာပြီဆိုတာနဲ့ ကျွန်တော်တို့ သူ့ကို ဖမ်းဆီးမယ်။ ဥပဒေအကြံတောင်းရဲ့ ဥပဒေအကြံပြုချက်နဲ့အညီ တရားစွဲ တင်ပို့သွားမှာ ဖြစ်ပါတယ်” ဟု ရဲအုပ် မောင်မောင်သိန်းက ဆိုသည်။

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly