ယာဉ်လိုင်းများ အများပိုင်စနစ်သစ်တွင် ပါဝင်နိုင်ရေးအတွက် မှတ်ပုံတင်ရာတွင် အချိန်နီးကပ်သဖြင့် ရက်ထပ်မံတိုး

ယာဉ်လိုင်းများ အများပိုင်စနစ်သစ်တွင် ပါဝင်နိုင်ရေးအတွက် မှတ်ပုံတင်ရာတွင် အချိန်နီးကပ်သဖြင့် ရက်ထပ်မံတိုး

ရန်ကုန်၊ ဇန်နဝါရီလ ၁ဝ ။          ။ လက်ရှိပြေးဆွဲနေသော ယာဉ်လိုင်းများအနေဖြင့် မကြာမီပြေးဆွဲမည့် အများပိုင်စနစ်သစ်တွင် ပါဝင်နိုင်ရေး အတွက် မှတ်ပုံတင်ရာတွင် အချိန်နီးကပ်သဖြင့် အခက်အခဲများရှိနေသောကြောင့် ဒီဇင်ဘာလ ၁၂ ရက်ထိ ရက်ထပ်မံတိုးပေးလိုက်သည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ အဖွဲ့ဝင် ၄၅ ယာဉ်လိုင်းပိုင်ရှင် ကိုတရုတ်လေးက ပြောသည်။

စနစ်သစ်ယာဉ်လိုင်းများပြေးဆွဲမှုတွင် ပါဝင်လိုသည့် ယာဉ်လိုင်းများအနေဖြင့် ဇန်နဝါရီလ ရ ရက်နေ့မှ စတင် ကာ ၁ဝ ရက်နေ့ နောက်ဆုံးထားပြီး တောင်ဥက္ကလာပ မြို့နယ်၊ ဗြဟ္မစိုရ်လမ်းရှိ ရန်ကုန်အရှေ့ပိုင်းခရိုင်စုပေါင်းရုံးတွင် လာရောက်မှတ်ပုံတင်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ဇန်နဝါရီလ ၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

" ၁၂ ရက်နေ့ကို တိုးလိုက်တာ မှန်ပါတယ်။ ဒီကနေ့ အချိန်တွေ သိပ်ကပ်တဲ့အတွက်ပေ့ါနော်။ ၁ဝ ရက်နေ့ ဆိုတာကတော့ ဒါ ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်း လျှောက်တဲ့ ယာဉ်ပိုင်ရှင်တွေရဲ့ စာရင်း၊ ကုမ္ပဏီတွေက လျှောက်တဲ့ ယာဉ်စာရင်းတွေကို ၁ဝ ရက်နေ့ နောက်ပိုင်းမှာ ကျွန်တော်တို့ စစ်ဆေးမှာ ဖြစ်ပါတယ်။ အစိုးရ ခေါ်ယူမှုတွေနဲ့ပေါ့နော်။ ယာဉ်ပိုင်ရှင်တွေ အနေနဲ့ကတော့ လိုအပ်ချက်ရှိတာတွေကို နောက်ရက်တွေမှာလည်း ထပ်လာတင်လို့ ရပါတယ်။ "ဟု ဦးတရုတ်လေးက ရှင်းပြသည်။

ထိုကဲ့သို့ လာရောက် မှတ်ပုံတင်လျှောက်ထားရာတွင် ယာဉ်ပိုင်ရှင်များအနေဖြင့် ယာဉ်များ၏ အချက်အလက်များနှင့်အတူ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၏ အချက်အလက်များကိုပါ ပူးတွဲတင်ရမည်ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ ညတွင် မ.ထ.သ ယာဉ်လိုင်းအပါအဝင် ယာဉ်လိုင်းပေါင်း ၃ဝဝ ကျော်ကို ဖျက် သိမ်း၍ အများပိုင်သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းစနစ်သစ်ကို ဇန်နဝါရီလ ၁၆ ရက်နေ့မှ စတင်ကာ ယာဉ်လိုင်း ပေါင်း ၆ဝ ဖြင့် စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ပြေးဆွဲရာတွင် မှတ်ပုံတင်ထားခြင်းမရှိဘဲ ပြေးဆွဲသော ယာဉ်များကို အောက်ဆိုက်ကား အဖြစ်သတ်မှတ် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် ပြောပြချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly