"အရင်းအနှီး၊ နည်းပညာ၊ စျေးကွက် … အဲ့ဒီသုံးခုစလုံး ကွင်းဆက်မိဖို့ လိုပါတယ်"

"အရင်းအနှီး၊ နည်းပညာ၊ စျေးကွက် … အဲ့ဒီသုံးခုစလုံး ကွင်းဆက်မိဖို့ လိုပါတယ်"

ငါးလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ဒေသတွင်းလုပ်ငန်းရှင်တွေ၊ ရေလုပ်သားတွေရဲ့ ပူးပေါင်းကူညီမှု လိုအပ်တယ်လို့သံတွဲခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူးက ပြောပါတယ် 

သံတွဲ (Myanmar Now)  -သံတွဲခရိုင် ငါးလုပ်ငန်းဦးစီးဌာနဟာ ငါးလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်လာရေး၊ ငါးမျိုးပြုန်းတီးမှု ကာကွယ်ရေး၊  ထိုက်သင့်တဲ့ အခွန်အခများရရှိရေးတို့ကို လုပ်ဆောင်နေကြောင်း ဦးစီးမှူး ဦးမြင့်သိန်းက ပြောပါတယ်။ 

မကြာသေးခင်က ဦးစီးမှူးနဲ့ သံတွဲမြို့ခရိုင်ရုံးမှာ တွေ့ဆုံရာမှာသူက ရေလုပ်ငန်းအတွင်း နည်းပညာအားနည်းမှု အခြေအနေ၊ ဌာနရဲ့ ပညာပေးလုပ်ငန်းမှာဒေသတွင်းလုပ်ငန်းရှင်တွေ၊ ရေလုပ်သားတွေရဲ့ ပူးပေါင်းကူညီမှု လိုအပ်ပုံ၊ ပုဇွန်မွေးမြူရေးစတဲ့ အကြောင်းအရာများကို ပြောပြထားပါတယ်။

မေး - သံတွဲဒေသမှာငါးဖမ်းလုပ်ငန်းကိုစဉ်ဆက်မပြတ် လုပ်ကိုင်သွားနိုင်ကြဖို့ ဘယ်လိုပညာပေးနေပါသလဲ။

ဖြေ - ရာသီဥတုဖောက်ပြန်မှု၊သစ်တောပြုန်းတီးမှုတွေကြောင့် ငါးတွေရဲ့ပေါက်ဖွားမှုနှုန်း အနေအထား တွေလည်း ပြောင်းလဲ၊ ငါးသယံဇာတတွေ ပြောင်းလဲလာတော့ ပြုပြင်လုပ်ဆောင်နိုင်တဲ့ အရာတွေကို လုပ်ဖို့အတွက် ကျေးရွာတွေကို သွားရောက်ပြီးတော့ ဟောပြောပွဲတွေ အများကြီးလုပ်ပါတယ်။ ကျွန်တော်တို့ရေလုပ်သားတွေကို ကွင်းဆင်းပြီးမေးမြန်းတဲ့အခါမှာ ငါးအရွယ်အစားတွေ   သေးလာတဲ့အနေအထားမျိုးတွေ တွေ့ရတယ်လို့ ဖြေပါတယ်။ အဆိပ်ချ၊ဘက်ထရီရှော့တိုက်၊ဗုံးခွဲပြီးငါးဖမ်းခြင်းဆိုတာကငါးဥတွေ၊ငါးသားပေါက်ကလေးတွေ ဖြစ်မလာတော့မယ့် အနေအထားမျိုးပါ။ အဲ့ဒါကိုတော့  ပြစ်ဒဏ်အနေနဲ့လည်း ပြင်းပြင်းထန်ထန် ပြဋ္ဌာန်းထားပါတယ်။ အဆိပ်ချငါးဖမ်းခြင်းနဲ့ ပတ်သက်ရင် အခုတောင်ကုတ်မြို ့နယ်ထဲမှာတရားစွဲဆိုထားတဲ့ အမှုတွေ ရှိပါတယ်။ အဲဒါတွေကိုရှောင်ကြဉ်မှသာလျှင် အစဉ်မပြတ်ဖမ်းဆီးနိုင်ပြီးငါးတွေပိုထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့က အမြဲမပြတ်စည်းရုံးပြီးပြောနေတာပဲ။ ရေလုပ်ငန်းရှင်တွေရော   ရေလုပ်သားတွေရောဝိုင်းဝန်းကူညီပြီးအသိရှိရှိလုပ်မှသာလျှင် သူတို့အတွက်လည်းအဆင်ပြေမယ်။ ထုတ်လုပ်မှုတိုးတက်မယ်။

မေး - ငါးဖမ်းလုပ်ငန်းလိုင်စင်မဲ့ လုပ်ကိုင်နေရင်  ဘယ်လိုအရေးယူပါသလဲ။

ဖြေ - လိုင်စင်မလုပ်ဘဲငါးဖမ်းတယ်ဆိုရင် ရေချိုငါးလုပ်ငန်းဥပဒေနဲ့အရေးယူပါတယ်။ မည်သူမဆိုပုဒ်မ ၅၁ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရရင် "(က) ရေလုပ်သားမှတ်ပုံတင်မရှိဘဲငါးလုပ်ငန်းလုပ်ကိုင်သည့်ကိစ္စဖြစ်ပါကထိုသူအားကျပ်တစ်သောင်းထက်မပိုသောငွေဒဏ်ဖြစ်စေ၊တစ်လထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေကျခံစေရမည်။ (ခ) ရေချိုငါးလုပ်ငန်းရေပြင်တွင် ငါးဖမ်းကိရိယာလိုင်စင်မရှိဘဲငါးလုပ်ငန်းလုပ်ကိုင်သည့် ကိစ္စဖြစ်ပါကထိုသူအားကျပ်ငါးသောင်းထက် မပိုသောငွေဒဏ်ဖြစ်စေ ၊ခြောက်လထက်မပိုသော   ထောင်ဒဏ်ဖြစ်စေ ၊ဒဏ်နှစ်ရပ်လုံး ဖြစ်စေကျခံရမည် လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

လိုင်စင်လုပ်တဲ့အတွက် နိုင်ငံတော်လည်းအခွန်အခရရှိပါတယ်။ ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့လည်းငါးဖမ်းနေတဲ့ လှေအစီးအရေတိတိကျကျသိရတာပေါ့။

မေး - ရခိုင်ပြည်နယ်အတွင်းဆင်းရဲမွဲတေမှုတွေ လျော့နည်းလာအောင် ဘာတွေလုပ်သင့်ပါသလဲ။

ဖြေ - ဆင်းရဲမွဲတေမှုလျှော့ချဖို့အတွက် ကျွန်တော်တို့ဌာနကမြစိမ်းရောင် စီမံကိန်းဆိုပြီးကျေးရွာတစ်ရွာကိုအရင်းမပျောက်မတည်ငွေအဖြစ်သိန်း ၃ဝဝစီထောက်ပံ့ထားတာရှိပါတယ်။ သံတွဲခရိုင်ထဲမှာတော့ဂျိတ္တော၊ခမောင်းတုန်း၊ဆင်ခေါင်းအဲဒီသုံးရွာကိုလက်ရှိထောက်ပံ့ထားပါတယ်။ အဲ့ဒါကကာလရှည်ချေးငွေပါ။

အရင်းကို ဝန်ကြီးဌာနကမယူတော့ပါဘူး။ ကျေးရွာအတွင်းပဲကော်မတီတွေဖွဲ့ပြီးတော့ အတိုးနည်းနည်းနဲ့ရွာသားတွေကိုချေးပေးတာပါ။ အတိုးနှုန်းကတော့ ကော်မတီသတ်မှတ်တဲ့အတိုင်းပါပဲ။  မြစိမ်းရောင် စီမံကိန်းဆိုပြီးရွာတစ်ရွာကိုပေးလိုက်ရင် သူတို့ငါးဖမ်းရေလုပ်သားတွေကစိတ်ကြိုက်ကော်မတီဖွဲ့ပြီးတော့ သူတို့ကော်မတီကပဲအတိုးနှုန်းကိုဆုံးဖြတ်ပါတယ်။ များသောအားဖြင့်က ငါးမူး၊တစ်ကျပ်၊ တစ်ကျပ်ခွဲ အဲ့ဒီပတ်ဝန်းကျင်လောက်ပဲ ရှိပါတယ်။ အတိုးနှုန်းတွေ ရလာရင်လည်း အဲ့ဒီရပ်ရွာအကျိုးပြု လူမှုရေး လုပ်ငန်းတွေမှာ သုံးနိုင်အောင်လို့ လုပ်ပေးထားပါတယ်။  

နောက်ပြီးငါးလုပ်ငန်းဦးစီးဌာနနဲ့NGO အဖွဲ့တချို့ပေါင်းစပ်ပြီးတော့ ကျေးရွာတွေမှာရေလုပ်သားတွေတိုးတက်အောင် ဘာတွေလုပ်ရမလဲဆိုတာတွေကို စစ်တမ်းတွေ လိုက်ကောက်နေပါပြီ။   လှေတွေသွားလာမှုအမျိုးအစား၊ငါးရရှိမှု ပိဿချိန်၊ ဘယ်နေရာမှာ ငါးဖမ်းဆီးမှု ပိုများလဲပိုနည်းလဲဆိုတာကိုလေ့လာနေပါတယ်။ ထွက်လာတဲ့ ရလဒ်တွေကို ကြည့်ပြီးတော့ ဘယ်လတွေမှာ ငါးသားပေါက်တွေ ရှိနိုင်တယ်။ ဘယ်ဟာတွေကတော့ အရမ်းဖမ်းနေတယ်၊ ဆောင်ရန် ရှောင်ရန် တွေဖြစ်တယ်၊ ဒီဟာတွေကိုစဉ်ဆက်မပြတ် ငါးဖမ်းဆီး ထုတ်လုပ်နိုင်အောင် ငါးလုပ်ငန်း ဦးစီးဌာနနဲ့ အဖွဲ့အစည်းတွေ ညှိနှိုင်းပြီးတော့လုပ်သွားမှာပါ။

မေး-  NGOတွေကို ဘာတွေများ အကြံပေးခဲ့ပါသလဲ။ 

ဖြေ-  NGOအဖွဲ့အစည်းအတွေ လာပြီးတော့ ကျေးရွာတွေမှာငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင်၊ စဉ်ဆက်မပြတ် ငါးဖမ်းဆီးထုတ်လုပ်နိုင်အောင် စစ်တမ်းကောက်ကြပါတယ်။ ရေလုပ်ငန်း လုပ်ကိုင်သူတွေ ဖွံ့ဖြိုးတိုးတက်လာအောင် အရင်းအနှီး၊ နည်းပညာ၊ စျေးကွက် သုံးခုစလုံးကို ဖန်တီးပေးနိုင်မယ်ဆိုရင် အဆင်ပြေနိုင်မယ် လို့တော့ ကျွန်တော် အကြံုပြုထားပါတယ်။ 

မေး - ရေလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ဘာတွေအဓိကလိုအပ်တယ်လို့မြင်ပါသလဲ။

ဖြေ - အရင်းအနှီး၊နည်းပညာ၊စျေးကွက် … အဲ့ဒီသုံးခုစလုံးကွင်းဆက်မိဖို့လိုပါတယ်။ အဲဒီသုံးခုလုံးကိုအပြည့်အဝထောက်ပံ့ပေးနိုင်တယ်ဆိုရင် ရေလုပ်ငန်းလုပ်ကိုင်သူတွေ ဖွံ့ဖြိုးတိုးတက်လာမှာပါ။  နည်းပညာအရငါးနီတူ (ပင်လယ်ငါးအသေးစား) ကိုပြုတ်ပြီးတော့ လှန်းမယ်ဆိုရင် ပိုပြီးတော့ စျေးနှုန်းပိုရလာမယ်။ စျေးနှုန်းပိုရတော့ ရေလုပ်သားတွေ လုပ်ခလည်း များများပေးနိုင်လိမ့်မယ်။ နည်းပညာအရပြုတ်တဲ့အခါ ဘယ်နှစ်မိနစ်ပြုတ်ရမလဲဆိုတာ ဒါတွေကအစ သူတို့မသိပါဘူး။ အဲ့ဒီလိုနည်းပညာတွေလိုပါတယ်။ ပြုတ်အိုးတွေလည်း လိုပါတယ်။ အရင်းအနှီးက လိုပြန်ရော။ ကုန်ချောထွက်လာပြီဆိုရင် စျေးကွက်ရှိဖို့ လိုပါတယ်။ နည်းပညာမြင့်မြင့်နဲ့ ထုတ်မယ်၊ စျေးကွက်ကလည်းဝယ်လိုအားရှိမယ်ဆိုရင် ငါးလုပ်ငန်း ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်လာမှာပါ။

မေး - ပုဇွန်မွေးမြူခြင်းနဲ့ရော ပတ်သက်ပြီး ဘာတွေများ လုပ်ဆောင်နေပါသလဲ။

ဖြေ - သံတွဲခရိုင်ရေငန်ပုဇွန် လုပ်ငန်းကလွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကဖွံ့ဖြိုးခဲ့ပေမယ့် အခုဆိုရင် တော်တော်လေးကို ကျဆင်းသွားပါပြီ။ စျေးကွက်ပျက်သွားတာမျိုးတွေလည်းပါပါတယ်။  ကျွန်တော်တို့က NGO တွေနဲ့ပေါင်းစပ်ပြီးတော့ မွေးမြူရေးနည်းပညာသင်တန်းပေးနေပါတယ်။ နောင်လည်းဆက်ပေးသွားဖို့အစီအစဉ်ရှိပါတယ်။ ရခိုင်ပြည်နယ်မှာဆိုပုဇွန်မွေးမြူနည်းက ၃ မျိုးရှိပါတယ်။ ကန်ကျယ်စနစ် ဆိုတာကအစာမကျွေးဘဲ သဘာဝအစာကို စားခြင်းအားဖြင့် မွေးမြူခြင်း၊အစာကျွေးပြီးတော့ ၁ ဧကကို အကောင်ရေ သုံးသောင်းလောက်ထည့်ပြီး မွေးမြူတဲ့ စနစ်၊တစ်ဧကကိုတစ်သိန်း နှစ်သိန်းထည့်တဲ့စနစ်နည်းပညာတွေရှိပါတယ်။ ဒီမှာက ကန်ကျယ်စနစ်နဲ့ပဲ မွေးမြူတဲ့သူများပါတယ်။ တစ်ဧကကိုပိသာ ၃ဝလောက်ပဲထုတ်လုပ်နိုင်ပါတယ်။ ဒါမျိုးတွေကို ဌာနအနေနဲ့ စည်းရုံးပြီးတော့ တစ်ဧကကိုပိသာ ၂ဝဝကနေ ၃ဝဝလောက်ထွက်အောင် မွေးမြူတဲ့ နည်းစနစ်တွေကိုလည်း ကျေးရွာတွေမှာဟောပြောပေးပါတယ်။ ဒါမှသာလျှင်ထုတ်လုပ်မှုတွေ တိုးတက်လာမှာပါ။

မေး - ပုဇွန်မွေးပြီးတဲ့မြေကပြန်အသုံးပြုလို့မရတာများတယ်ဆိုတော့ အဲဒါအတွက် ကြိုတင် ကာကွယ်ထားတာ ရှိပါသလား။

ဖြေ - လယ်လုပ်လို့အဆင်မပြေတဲ့နေရာတွေ၊လယ်လုပ်ရင် (စပါး) အထွက်နည်းတဲ့ နေရာတွေကို ရွေးပြီးတော့ ပုဇွန်ကန်တွေလုပ်တာပါ။ ဒါကြောင့် လယ်ယာနဲ့ပတ်သက်ပြီးတော့  ပြဿနာ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။

မေး - စျေးကွက်ရရှိဖို့ကိုရော ဘာတွေများ လုပ်ဆောင်နေပါသလဲ။

ဖြေ - ငါးဦးစီးဌာနအနေနဲ့လုပ်ပေးနိုင်တာကတော့ မွေးမြူရေးနည်းပညာသင်တန်းတွေ ရက်တိုဖွင့်ပေးတယ်။ နည်းပညာနဲ့ပတ်သက်ပြီးကျေးရွာတွေမှာဟောပြောပေးတယ်။

အချိန်မရွေး ငါးလုပ်ငန်းဦးစီးဌာနကို လာပြီးတော့ စုံစမ်းနိုင်မေးမြန်းနိုင်ပါတယ်။ စျေးကွက်ကျတော့ ကျွန်တော်တို့ဌာနအနေနဲ့တိုက်ရိုက် ဖော်ဆောင်ပေးလို့မရပါဘူး။ ပေါင်းစပ်ပြီးညှိနှိုင်းပေးလို့ပဲရပါတယ်။ အဓိကတော့နည်းပညာပဲပေးလို့ရပါတယ်။

မေး - လုပ်ငန်းတွေ ဖော်ဆောင်တဲ့အခါမှာဦးစီးဌာနရဲ့ အဓိကအခက်အခဲက ဘာများဖြစ်မလဲ။

ဖြေ - ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ရေလုပ်သားတွေရဲ့လိုအပ်ချက်ကိုမေးတဲ့အခါ သူတို့က နည်းပညာကို အားလုံးသိပြီးသားလို့ ထင်နေကြတယ်၊အဓိကသူတို့လိုချင်တာငွေကြေး (အကူအညီ) ပဲဖြစ်နေတယ်။ ငွေကြေးပေးတိုင်းလည်းအဆင်မပြေနိုင်ဘူး၊နည်းပညာတိုးတက်လာမှသူတို့ အဆင်ပြေမယ်။ ဥပမာငါးအတိုင်းထုတ်လုပ်ဖို့ထက် ငါးမုန့်(ခြောက်)လုပ်ပြီးထုတ်လုပ်မလား။ ငါးမုန့်(ခြောက်)လုပ်တဲ့ နည်းပညာသူတို့တတ်ရင် ငါးရောင်းတာထက် ပိုက်ဆံပိုရမယ်။ အဲ့ဒါမျိုးလေးတွေ သူတို့သိအောင်၊ တွေးခေါ်နို်င်အောင် ကွင်းဆင်းပြီးတော့ ဟောပြောပေးပါတယ်။

ဌာနအနေနဲ့က ဝန်ထမ်းအင်အားအရနေရာတိုင်းကိုတော့ မရောက်နိုင်ဘူး။ တတ်နိုင်သလောက်တော့ လိုက်ပြီးတော့ ကွင်းဆင်းတယ်။ ရေလုပ်သားတွေ အသိစိတ်ဓာတ်ရှိအောင် ဟောပြောတယ်။   ဟောတာကို တချို့ ကလည်း မလိုက်နာဘူး။ တချို ့ကလည်း လိုက်နာပါတယ်။ ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly