မန္တလေးမှ ကန့်ဘလူထိ ရထားပြေးဆွဲမှုပြန်လည် စတင်သော်လည်း မြစ်ကြီးနားထိ မပြေးဆွဲနိုင်သေး

မန္တလေးမှ ကန့်ဘလူထိ ရထားပြေးဆွဲမှုပြန်လည် စတင်သော်လည်း မြစ်ကြီးနားထိ မပြေးဆွဲနိုင်သေး

မန္တလေး၊ ဇူလိုင် ၂၁ ။     ။ မြန်မာပြည် အထက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရထားလမ်းများ ရေကျော်ခဲ့၍ ရထား ခရီးစဉ်များ ရပ်ဆိုင်းခဲ့ရပြီး ဇူလိုင် ၂၁ ရက်တွင် မန္တလေးမှ ကန့်ဘလူထိ ရထားပြန် လည်ပြေးဆွဲပေးသော် လည်းမြစ်ကြီးနားအထိ လမ်းပိုင်းများ ပြင်ဆင်မှု မပြီးသေးသောကြောင့် မပြေးဆွဲနိုင်ဟု  မြန်မာ့မီးရထားမှ လက်ထောက်ထွေထွေမန်နေဂျာ (သွား/လာ) ဦးထိန်ဝင်း က မဇ္ဈိမကို ပြောသည်။

ဇူလိုင် ၁၄ ရက်မှ စ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မန္တလေးမှ မြစ်ကြီးနားသို့ ပြေးဆွဲ သော ရထား ခရီးစဉ်များကို ဇူလိုင် ၁၈ ရက်တွင် ရပ်ဆိုင်းခဲ့ရပြီး ဇူလိုင် ၂၂ ရက်တွင် ကန့်ဘလူထိ ပြန်လည် ပြေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။

ဦးထိန်ဝင်းက  “ ဒီနေ့ မနက် ၅နာရီခွဲကစပြီး မန္တလေးကနေ ကန့်ဘလူအထိ ပြေးဆွဲပေး နေပါပြီ။ ဟိုဘက်က လမ်းတွေမ ပွင့်သေးပေမယ့် ဒီဘက်ကပြည်သူတွေသွားလာနိုင်အောင် စီစဉ် ပြေးဆွဲတာပါ။ “ ဟု  ဇူလိုင် ၂၁ ရက်က ပြောသည်။

ထိုသို့ပြေးဆွဲပေးရာတွင် ရိုးရိုးတန်း လေးတွဲနှင့် အထက်တန်း တစ်တွဲတို့ပြေးဆွဲပေးလျက်ရှိပြီး  နံနက် ၅ နာရီ ၃၀ မိနစ် ထွက်သော ရထားသည် မွန်းလွဲ ၁ နာရီတွင် ကန့်ဘလူ ဘူတာသို့ရောက်ရှိ မည်ဖြစ်ကာ ထိုမှ နောက်တစ်ရက် နံနက် ၅ နာရီ  ၃၀ မိနစ်တွင် မန္တလေးဘူတာကြီးသို့ပြန်လည် ထွက်ခွာပေးမည်ဖြစ်သည်။

မန္တလေး- မြစ်ကြီးနား ရထားသံလမ်းများ ရေကျော်မှု ကိုး နေရာဖြစ်ပွားခဲ့ပြီး ဇူလိုင် ၂၀ရက်ထိ   မပြေးဆွဲနိုင်သေးဟုလည်း ၎င်းက ဆိုသည်။

ရထားလမ်းများ ရေကျော်ရာတွင် တစ်ပေမှ ငါးပေခန့်အထိ ရေကျော်ခဲ့ပြီး ခရီးသည်များ ပိတ်မိခဲ့သည်လည်း ရှိခဲ့သည်။

ဦးထိန်ဝင်းက  “ အစုန်နဲ့ အဆန်ရထားတွေ ပိတ်မိနေတော့ ခရီးသည်တွေကို ရပ်နားထားတဲ့ ဘူတာတွေ မှာမြန်မာ့မီးရထားက ဦးဆောင်ပြီး ဒေသအဖွဲ့အစည်းနဲ့ လူမှုရေးအဖွဲ့တွေ စုပေါင်းပြီး နေ့/ည ထမင်းကျွေးတယ်။ ကျန်းမာရေးစောင့်ရှောက်ပေး တယ်” ဟု လည်းဆိုသည်။

မန္တလေးမှ မြစ်ကြီးနားရထားခရီးစဉ်တွင် အစုန်အဆန် အမြန်ရထား လေးစီး၊ စာပို့  တစ်စီး၊ အထူးပါဆယ် ရထား တစ်စီးပြေးဆွဲနေခြင်းဖြစ်၍  ဇူလိုင် ၁၆ ရက်ထိ ပုံမှန်ပြေးဆွဲနေရာမှ လမ်းခရီး တွင် ရထားသံလမ်းများရေကျော်ခြင်းကြောင့် နီးစပ်ရာဘူတာများ၌ ရပ်နားထားရခြင်းဖြစ်သည်။

အဆိုပါရထားသံလမ်းများ ရေကြီးရေကျော်ခဲ့ရာ အချို့နေရာများတွင်  အောက်ခြေ မြေသား များ ဂလိုင်ပေါက်ဖြစ်သွား ၍ပြင်ဆင် ရန် အချိန်ပေးရမည်ဖြစ်ပြီး ကုန်ရထားဖြင့် ကျောက်အကြီး၊ အသေး၊ ဇလီဖားတုံးများပို့ဆောင်ပေးလျက်ရှိပြီး စက်ယန္တရားများဖြင့် လမ်းပိုင်းများကို ပြုပြင်လျက် ရှိ သည်ဟုလည်း ဦးထိန်ဝင်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly