ငြိမ်းချမ်းရေးအတွက် အသုံးစရိတ် (အပိုင်း ၁)

By မဇ္ဈိမ
10 January 2017
ငြိမ်းချမ်းရေးအတွက် အသုံးစရိတ် (အပိုင်း ၁)
 

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

မင်္ဂလာပါ မဇ္ဈိမ ပရိသတ်များခင်ဗျာ ။

ဒီကနေ့ ဆွေးနွေးမယ့် အကြောင်းအရာကတော့ ငြိမ်းချမ်းရေးအတွက် ဘတ်ဂျက်သုံးစွဲငွေ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဆွေးနွေးမှာဖြစ်ပါတယ်။

ကျွန်တော် ဒီနေ့ ၃ ယောက်ကို ဖိတ်ခေါ်ထားပါတယ်ခင်ဗျာ။ ကျွန်တော် ဆရာ ဦးဇော်ဖေဝင်းနဲ့ မိတ်ဆက်ပေးပါရစေ။ ဆရာကတော့ ကျွန်တော်တို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ စီးပွားရေး အကြံပေးဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ ဆရာမ ဒေါ်နန်းဖြူဖြူလင်း ဖြစ်ပါတယ်ခင်ဗျာ။ သူကတော့ ငြိမ်းချမ်းရေးအတွက် ကျားမတန်းတူရေး မဟာမိတ်အဖွဲ့ရဲ့ ပဲ့ကိုင်ကော်မတီဝင်   ဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ ဒေါက်တာ ရန်မျိုးသိန်း ဖြစ်ပါတယ်ခင်ဗျာ။ သူကတော့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဖြစ်ပါတယ်ခင်ဗျာ။

အဲတော့ ကျွန်တော် ဆရာဒေါက်တာ ရန်မျိုးသိန်းကို ပထမဆုံး မေးပါရစေ။ ကျွန်တော်တို့နိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ လွတ်လပ်ရေးရပြီးကတည်းကနေပြီးတော့  တိုက်ပွဲတွေဖြစ်ခဲ့တယ်ပေါ့ ပဋိပက္ခတွေဖြစ်ခဲ့တယ်။ ငွေရေးကြေးရေးတွေ မြောက်များစွာ ကုန်ခဲ့တယ်ပေါ့။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရလက်ထက်ထိ   ငွေရေးကြေးရေးတွေ သုံးလာတယ်ဆိုတော့ ကျွန်တော်တို့ ဒီသုံးခဲ့တဲ့ငွေတွေကရော တကယ့်တကယ် သက်ရောက်မှုရော ရှိရဲ့လား။ ဆရာ ဘယ်လိုမြင်သလဲ။

ဒေါက်တာ ရန်မျိုးသိန်း

နိုင်ငံရေး လေ့လာသုံးသပ်သူ

ကျွန်တော်အမြင်ကတော့ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာရော အခု သမ္မတဦးထင်ကျော်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့ လက်ထက်မှာရော ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုကို တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့်တော့ လုပ်ခဲ့တယ်လို့ ကျွန်တော် နားလည်ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာ ကျွန်တော် မြင်ရ၊ တွေ့ရ၊ ကြားရသလောက်ပေါ့လေ ဒီ ရင်းနှီးမြှုပ်နှံမှုအပိုင်းရဲ့ အသီးအပွင့်ကို ကြည့်မယ်ဆိုရင်တော့ ကျေနပ် အားရစရာ အနေအထား မရှိသေးဘူးလို့ ကျွန်တော်ကတော့ ယေဘုယျ သုံးသပ်ပါတယ်။ အဲတော့ ပြည်သူလူထု တစ်ရပ်လုံးအနေနဲ့ရောပဲ ခုနကပြောတဲ့ ရင်းနှီးမြှုပ်နှံမှုကနေပြီးတော့ ထိုက်တန်တဲ့ အကျိုးအမြတ် တစ်နည်းအားဖြင့်တော့ အမြန်ဆုံးရဖို့ လိုလားနေတယ်လို့ ကျွန်တော်လည်းပဲ မြင်ပါတယ်။ ဒါပေမယ့် အဲလို ငြိမ်းချမး်ရေးရဖို့ဆိုတဲ့ ကိစ္စမှာ ကျွန်တော်အနေနဲ့အားဖြင့် အစိုးရအနေနဲ့ အစိုးရနဲ့ တပ်မတော်အနေနဲ့ ပိုပြီးတော့ သဘောထားကြီးဖို့ လိုအပ်တယ်။ ပိုပြီးတော့ အမျှော်အမြင်ကြီးဖို့ လိုအပ်တယ်လို့ ကျွန်တော်ကတော့ သုံးသပ်ပါတယ်။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

ဟုတ်ကဲ့ပါ။ အဲလိုမျိုး အမျှော်အမြင်အပြင် ငွေရေးကြေးရေး သုံးစွဲတဲ့နေရာမှာ ဘတ်ဂျက်ဆိုလို့ရှိရင် နိုင်ငံတကာ အကူအညီတွေ များများယူပြီးတော့မှ တကယ့်ကို ရင်းနှီးမြှုပ်နှံ့ပေမယ့်လို့ ငြိမ်းချမ်းရေး ကတော့ ဆရာ ခုနကပြောသလိုပဲပေါ့။ အဲတော့ လိုအပ်ချက်က ဘာတွေများ ရှိနေသေးလဲ။

ဒေါက်တာ ရန်မျိုးသိန်း

နိုင်ငံရေး လေ့လာသုံးသပ်သူ

ကျွန်တော်အမြင်ကတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ နိုင်ငံတကာကရတဲ့ အထောက်အပံ့တွေ အကူအညီတွေ ဒါတွေကို သုံးစွဲတဲ့အခါမှာ ကျွန်တော်အမြင်အားဖြင့် ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်လို့ ကျွန်တော် မြင်ပါတယ်။ ဆိုလိုချင်တဲ့သဘောက ဒီအထောက်အပံ့တွေ အကူအညီတွေက ကျွန်တော်တို့ မြန်မာပြည်သူ လူထုတစ်ရပ်လုံးကို ဦးတည်ပြီးတော့ အထောက်အပံ့ပေးတဲ့ အကူအညီတွေလို့ ကျွန်တော် နားလည်တယ်။ အဲဒီအတွက်ကြောင့်မို့ ဒီအကူအညီတွေကို သုံးစွဲတာနဲ့ ပတ်သက်ပြီးလို့ ပြည်သူလူထုတစ်ရပ်လုံး အလွယ်တကူ သိရှိ နားလည်နိုင်လောက်တဲ့အထိ ပွင့်လင်းမြင်သာဖို့ လိုအပ်တယ်လို့ ကျွန်တော်ကတော့ သုံးသပ်ပါတယ်။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

ဆရာ ဦးဇော်ဖေဝင်းကိုတော့ ကျွန်တော် နဲနဲလေး မေးပါရစေ။ ဆိုတော့ ကျွန်တော်တို့က ဒီပိုက််ဆံတွေတော့ ရလာပြီ ရလာတဲ့အခါမှာ ကျွန်တော်တို့ ငြိမ်းချမ်းရေးအတွက်သုံးတဲ့ ဥပမာဆိုကြပါစို့ ကွန်ဖရန့်တွေမှာ သုံးတယ်။ နောက်ထပ် တခြားရော ဘယ်နေရာတွေမှာ သုံးသင့်လဲ ဆက်ပြီးတော့ပေါ့နော် ဒီငြိမ်းချမး်ရေးအတွက် တကယ့်ကို အထောက်အကူပြုမယ့် သုံးစွဲမှုမျိုးဖြစ်ဖို့ ဘယ်နေရာတွေမှာ သုံးသင့်သလဲ။

ဦးဇော်ဖေဝင်း

ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၊ ပြည်ထောင်စုလွှတ်တော်

ဟုတ်ကဲ့။ ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်ဖို့ဆိုရင် ကျွန်တေ်ာတို့က အရင်ဆုံး ပဋိပက္ခဖြစ်နေတဲ့ အင်အားစုတွေအတွင်းမှာ နားလည်မှုရအောင် ကျွန်တော်တို့ ကြိုးစားရပါမယ်။ အဲဒီ နားလည်မှုရအောင် ကြိုးစားတယ်ဆိုတဲ့အခါမှာ အခမ်းအနားကြီး ပုံစံမျိုးထက်ကို ကျွန်တော်တို့က ခတ်ရိုးရိုး တွေ့တာမျိုးပေါ့။ ဒါက ပိုပြီးတော့ ပွင့်လင်းတယ်။ အခမ်းအနားကြီး ပုံစံမျိုးနဲ့ လုပ်လို့ရှိရင် သူ့စညး်ကမ်းတွေကို လိုက်နာရတဲ့အတွက်ကြောင့်မို့ တစ်ခါတစ်လေမှာ ကိုယ်လိုချင်တာကို ပြောရဆိုရတဲ့အခါမှာ အခက်အခဲရှိတယ်ပေါ့နော်။

အထူးသဖြင့် အခု ကျွန်တော်တို့ ငြိမ်းချမ်းရေးတည်ဆောက်တဲ့အခါမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့က ဆွေးနွေးညှိနှိုင်းရတာဖြစ်တယ်။ အဲတော့ ဘာသာစကား အခက်အခဲလည်းရှိမယ် ပြောပုံဆိုပုံတွေလည်း အခက်အခဲရှိမယ်ဆိုတော့ အခမ်းအနားကြီးတွေထက်စာရင် အင်ဖော်မယ် တွေ့တဲ့ တွေ့ဆုံပွဲတွေပေါ့ အဲဒါမျိုးတွေကို များများလုပ်ပေးပြီးတော့ သူတို့ဘက်က ဘာတွေများ လိုချင်သလဲ။ ကိုယ့်ဘက်က ဘာတွေပေးနိုင်သလဲ။ ကိုယ့်ဘက်ကရော ဘာတွေလိုချင်သလဲဆိုတာကို နားလည်မှုရအောင် ကြိုးစားတဲ့နေရာမှာ သုံးသင့်တယ်လို့ ထင်တယ်။ ကျွန်တော်တို့ အခမ်းအနားကြီးတွေလုပ်တယ် အဲဒီမှာတော့ လုပ်ရိုးလုပ်စဉ်အတိုင်း ပြောတဲ့ပုံစံကိုက အခမ်းအနားပုံစံနဲ့ ပြောကြဆိုကြပြီးတော့ ပွဲပြီးသွားတာမျိုးဆိုတော့ ထိရောက်မှု နည်းနည်း နဲတယ်ပေါ့။ အဲတော့ ကျွန်တော်တို့က ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက်ဆိုရင် အခမ်းအနားကြီးတွေထက်က အင်ဖော်မာ လေးတွေလုပ်ပါ။ အဲဒါတွေမှာလည်းပဲ သုံးပါ။

အဲလိုလုပ်တဲ့အခါမှာလည်း နှစ်ဦးနှစ်ဖက်လုံးမှာ ကြိုတင်စည်းကမ်းချက်တွေ မရှိပဲနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးရရင် ပိုကောင်းတယ်။ အခုက ကျွန်တော်တွေ့နေရသလောက်ကတော့ တစ်ဖက်ကလည်း ကြိုတင်စည်းကမ်းသတ်မှတ်ချက်ကြီးတွေ ရှိတယ်။ အခု ငြိမ်းချမ်းရေးမရသေးတဲ့ လက်နက်ကိုင်တိုက်နေတဲ့ အဖွဲ့အစည်း လေးခုနဲ့ ပတ်သက်လို့ရှိရင် တစ်ဖက်က ကြိုတင် စည်းကမ်းသတ်မှတ်ချက်ကြီးနဲ့ လာတယ်။ အဲဒါကြောင့်မို့ ဟိုဘက်ကလည်း လိုက်နာရတဲ့အခါမှာ အခက်အခဲရှိသွားတယ်ပေါ့နော်။ အဲဒါကြောင့် ကျွန်တော်အနေနဲ့ကတော့ ကြိုတင် စည်းကမ်းသတ်မှတ်ချက်တွေ မပါပဲနဲ့ အင်ဖော်မာ လေးတွေကို များများလုပ်ပြီးတော့ တစ်ဦးရဲ့ သဘောထားကို တစ်ဦး သေသေချာချာ နားလည်အောင် လုပ်သင့်တယ်လို့ ကျွန်တော်မြင်ပါတယ်။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

ဟုတ်ကဲ့ပါ။ ဒေါက်တာရန်မျိုးသိန်းကို ကျွန်တော် ဆက်ပြီးတော့ မေးပါရစေ။ အဲတော့ ကျွန်တော်တို့အနေနဲ့က နိုင်ငံတကာကနေပြီးတော့လည်း အကူအညီတွေ အမြောက်အများ ပေးခဲ့ပြီးပြီ ဆိုတဲ့ အခါကျတော့ ကျွန်တော်တို့က တကယ့်ကို ပိုက်ဆံ ပေးတယ် အထုပ်လိုက်အထည်လိုက်ပေးတယ် သုံးကြစွဲကြတယ် တကယ့်တကယ် ပက်ဆံကုန်ပြီးတော့ရော ကျွန်တော်တို့ငြိမ်းချမ်းရေးက ရနိုင်မလား။ ဘာတွေများ လိုသေးလဲ။

ဒေါက်တာ ရန်မျိုးသိန်း

နိုင်ငံရေး လေ့လာသုံးသပ်သူ

ကျွန်တော်အမြင်ကတော့ ငွေရေးကြေးရေးပေါ့လေ အထောက်အပံ့ဆိုတာက အတိုင်းအတာတစ်ခုအထိ အရေးကြီးတယ်ပေါ့လေ။ အရပ်စကားနဲ့ပြောရင်တော့ ဒါ ငွေမရှိရင်တော့ ဘာမှ လုပ်လို့ မရဘူးပေါ့။ အဲတော့ တစ်ဖက်ကလည်းပဲ ကျွန်တော်တို့က ဆရာခုနကပြောသလိုပေါ့ ကျွန်တော်တို့ နှစ်ဖက်ပေါ့လေ အစိုးရနဲ့ တပ်မတော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ဒီနှစ်ဖက်ကြားမှာ ယုံကြည်မှု တည်ဆောက်ရေးပေါ့လေ အဲဒါကလည်း အရမ်းအရေးကြီးတယ်လို့ မြင်တယ်။ ဒါပေမယ့် ဒီနှစ်ဖက်ရဲ့ ယုံကြည်မှု တည်ဆောက်ရေးမှာ ခုနကပြောတဲ့ ရန်ပုံငွေကလညး် အစိတ်အပိုင်း တစ်ခုအနေနဲ့ ပါဝင်တယ်။ ဥပမာအားဖြင့် ကျွန်တော်အမြင်ပေါ့လေ ဒီ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေရဲ့ ဖွံ့ဖြိုးရေးအပိုင်းကို စဉ်းစားမယ်ဆိုရင် ဒါဟာ ခုနကပြောတဲ့ ရန်ပုံငွေနဲ့ စပ်ဆက်နေတယ်။ ဒါပေမယ့် အဲလိုဖွံ့ဖြိုးရေးကိစ္စတွေကို လုပ်တဲ့အခါမှာ ကျွန်တော်အမြင်အားဖြင့် အဲဒီဒေသခံလူတွေကို ပွင့်လင်းမြင်သာစွာနဲ့ တာဝန်ယူမှု တာဝန်ခံမှု ရှိရှိနဲ့ ဖော်ဆောင်နိုင်ဖို့ကလည်း အရေးကြီးတယ်လို့တော့ ကျွန်တော်ကတော့ သုံးသပ်ပါတယ်။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

ဆရာမအနေနဲ့ကရော ဆရာမကလည်း ရှမ်းပြည်နယ်ကလာတယ်ဆိုတော့ ကျွန်တော်တို့က ဘတ်ဂျက်တွေသုံးတဲ့အခါမှာ ကျွန်တော်တို့ ပြန်ပြီးတော့ စဉ်းစားကြည့်လိုက်လို့ရှိရင် ဒီဆွေးနွေးပွဲတွေ အခမ်းအနားတွေ လုပ်ဖို့အတွက်ပါပဲ ငွေတွေက ရောက်နေတယ်လို့ပဲ ကျွန်တော်တို့က ယူဆလို့ရတယ်။ ကျွန်တော်တို့ ပြန်လည်ထူထောင်ရေးတွေ ခုနကပြောသွားတဲ့အထဲမှာ ဒုက္ခသည်စခန်းတွေ   ဆောက်ဖို့ ပြီးလို့ရှိရင် တကယ့်တကယ် ကိုယ့်ဒေသအရပ်တွေမှာ ပြန်လည်ထူထောင်ရေးတွေလုပ်ဖို့ အစရှိသည်အားဖြင့် ဒါတွေကိုလည်း သုံးဖို့လိုမယ်လို့ ကျွန်တော်မြင်တယ်။ အဲတော့ ဆရာမ ရှမ်းပြည်နယ် အခြေအနေလေးကိုရော နဲနဲပြောပြပါဦ။ တကယ့်တကယ် ပိုက်ဆံတွေသုံးပြီးတော့ ပြန်လည်ထူထောင်ရေးလုပ်မယ်ဆိုရင် ဘာတွေများ အရေးတကြီး လိုအပ်နေပြီလဲ။

ဒေါ်နန်းဖြူဖြူလင်း (ပဲ့ကိုင်ကော်မတီဝင်)

(Alliance for Gender Inclusion in the Peace Procwess)

မပြောခင် ကျွန်မ မေတ္တာလေး ရပ်ခံချင်တာက ကျွန်မက စကားပြောတဲ့အခါမှာ အသံက နည်းနည်းလေး အခက်အခဲဖြစ်တဲ့အတွက်ကြောင့် သည်းခံပေးစေချင်ပါတယ်။ တကယ်တမ်း ပဋိပက္ခ   ဖြစ်ပွားပြီဆိုရင် ဖြစ်တဲ့ဒေသမှမဟုတ်ဘူး ကျန်တဲ့ဒေသတွေမှာလည်း ရိုက်ခတ််မှုကတော့ အကုန်လုံးရှိပါတယ်။ ပြီးရင် ဘဏ္ဍာငွေတွေကို ရန်ပုံငွေတွေကိုလည်း အကျိုးရှိရှိ သုံးဖို့လိုပါတယ်။ အဲလိုသုံးတဲ့အခါမှာလည်း အထက်ကပဲ ဆုံးဖြတ်တာမဟုတ်ပဲနဲ့ တကယ်ပဲ လိုအပ်နေတဲ့ နေရာတွေကို သေသေချာချာ ထားထောင်ဖို့လိုပါတယ်။ ဥပမာ ကချင်မှာဆိုလို့ရှိရင် ၅ နှစ်ကျော်ပြီ ငါးနှစ်ကျော်တဲ့အခါမှာ IDP တွေ နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့သူတွေဟာဆိုရင် သူတို့မှာ လိုအပ်ချက်တွေ အများကြီးရှိတယ်။ အဲဒီအချက်တွေထဲမှာမှ အခြေခံကျဆုံး လူ့အခွင့်အရေးတွေနဲ့ လိုအပ်ချက်တွေပဲ ပြောလို့ရှိရင် နေ့စဉ် စားဖို့ ပြီးရင် သူတို့ရဲ့ ကျန်းမာရေး ပြီးတော့ သူတို့ရဲ့ သားသမီးတွေရဲ့ ပညာရေး ပြီးရင် သူတို့ရဲ့ စိတ်လုံခြံုမှု ပြီးရင် သူတို့နေဖို့ ဒါတွေက အင်မတန်မှ လိုပါတယ်။ ကချင်ပြောပြော ရှမ်းပြောပြော ကယားပြောပြော ဘယ်သူပဲပြောပြော ပဋိပက္ခဒေသမှာရှိတဲ့ သူတွေဟာလည်း လိုအပ်ချက် မျိုးစုံရှိနေတယ်။ အဲဒီလိုအပ်ချက်ထဲမှာမှ အမျိုးသားတွေရဲ့ လိုအပ်ချက်နဲ့ အမျိုးသမီးတွေရဲ့ လိုအပ်ချက်က မတူညီပြန်ပါဘူး။ ကိုယ်ဝန်ဆောင်မိခင်တွေ နို့တိုက်မိခင်တွေ ပြီးလို့ရှိရင် လူငယ် ဆယ်ကျော်သက်တွေ သူတို့ရဲ့ လိုအပ်ချက်တွေ အမျိုးမျိုးရှိနေတယ်။ ဒါကြောင့် ရန်ပုံငွေကို ကူညီထောက်ပံ့တဲ့အခါမှာဖြစ်စေ နိုင်ငံတော်အစိုးရရဲ့ ဘတ်ဂျက် သုံးစွဲ ခွဲဝေမှုမှာဖြစ်စေ ပြည်သူလူထုရဲ့အသံကို နားထောင်ပြီးတော့ ကောင်ဆန်တေးရှင်း တွေလည်း များများလုပ်ဖို့ လိုမယ်လို့ ထင်ပါတယ်။

အခုဟာက လိုအပ်ချက်က အရမ်းများနေပြီးတော့ ပြန်ပြီးတော့ ဖြည့်ဆည်းတာက တအားနည်းတယ်။ ပြီးတော့ နည်းတဲ့အထဲမှာမှ နိုင်ငံရေးအခြေအနေ စစ်ရေးအခြေအနေ အကြောင်းပြချက် အမျိုးမျိုးနဲ့ အဖြတ်ခံတေးတယ်။ နောက်ပြီးတော့ ကူညီချင်တိုင်းလည်း ကူညီလို့မရဘူး။ ခွင့်ပြုမိန့်တွေ အထပ်ထပ်လိုတယ်။ ပြီးရင် ငြိမ်းချမ်းရေး တည်ဆောက်နေစဲကာလမှာ ခုနကတုန်းက ဆရာတို့ပြောသလို လက်မှတ်မရေးထိုးထားတဲ့ အဖွဲ့တွေရယ် ထိန်းချုပ်နယ်မြေမှာရှိနေတဲ့ လူတွေဟာလည်း လူသားထဲက လူသားတွေပဲ ဒါပေမယ့် သူတို့ဆီကိုကတော့ အကူအညီအထောက်အပံ့နဲ့ ရောက်ဖို့က လုံခြံုရေးဆိုတဲ့ အကြောင်းပြချက်နဲ့ အမျိုးမျိုး ပိတ်ပင်တာတွေကို ကြံုတွေ့နေရပါတယ်။

အခုဆိုရင် ဆောင်းတွင်း ဒီမှာသာ မသိသာပေမယ့် ဟိုမှာက အရမ်းကို အေးခဲနေပြီ။ လူဆိုတာက အရမ်းအေးရင် ဗိုက်က ပိုပြီးတော့ ဆာတယ်။ ပိုပြီးတော့ ဆာတဲ့အချိန်မှာ သူတို့မှာက စားစရာက မရှိဘူး။ ဆန်ကလည်း ပေးလို့မရတော့ဘူး။ အစိုးရ ထိန်းချုပ်နယ်မြေမှာတောင်မှ တစ်လကို ၉၀၀၀ ပဲ ဘယ်လိုမှ မလောက်တာ။ အဲတော့ လူအခွင့်အရေးမှာ လူတိုင်းက တန်းတူညီမျှ အခွင့်အရေးရှိတယ်။ ဒီ မြို့ပေါ်မှာနေတဲ့လူနဲ့ ရွာမှာနေတဲ့လူနဲ့ ပဋိပက္ခဖြစ်ပွားရာ ဒေသမှာရှိတဲ့ လူတွေနဲ့ အခွင့်အရေး တန်းတူညီမျှ ရှိတယ်လို့ဆိုပေမယ့် ကန့်သတ်ချက်တွေ သတ်မှတ်ချက်တွေ ရန်ပုံငွေတွေ ထောက်ပံ့မှု ကွာဟချက်တွေ လိုအပ်ချက်တွေကတော့ အများကြီး ရှိပါတယ်။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

ဆရာမပြောသွားတဲ့အထဲမှာတော့ ပြန်လည်ထူထောင်ရေး အခြေအနေတွေက လိုအပ်ချက်တွေ အများကြီး ရှိနေသေးတယ်ဆိုတဲ့ဟာကို ပြောသွားတာပေါ့နော်။ ဆိုတော့ ဆရာဦးဇော်ဖေဝင်းကို   ပြောပါရစေ အဲတော့ ဆရာမပြောသွားတဲ့ အထဲမှာ ငြိမ်းချမ်းရေးအတွက် ဘတ်ဂျက်ပေါ့နော် နိုင်ငံတကာ ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်။ ဘယ်နေရာမှာတော့ ဘယ်လောက်သုံးတယ် ဘယ်နေရာမှာတော့ ဘာတွေ သုံးသင့်တယ်ဆိုတာကို ထောက်ပြသွားတာဆိုတော့ ဆရာ့အနေနဲ့ရော ဘတ်ဂျက်နဲ့ပတ်သက်ပြီးတော့ သူတို့ သုံးစွဲတဲ့ အခြေအနေပေ့ါနော် ဘယ်နေရာမှာ ဘယ်လောက်သုံးစွဲတယ် ပွင့်လင်မြင်သာမှု အခြေအနေကို နဲနဲ ထပ်ဖြည့်ပြောလို့ရမလားမသိဘူး။

ဦးဇော်ဖေဝင်း

ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၊ ပြည်ထောင်စုလွှတ်တော်

ဟုတ်ကဲ့ အဲဒါကတော့ အခု လောလောဆယ်အားဖြင့်တော့ ကျွန်တော် သိသလောက်ပြောရလို့ရှိရင်တော့ ဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် သုံးနေတဲ့ ဘတ်ဂျက်က နိုင်ငံခြားက ထောက်ပံ့တာတွေလည်း ပါသလို နိုင်ငံတော်အတိုင်ပင်ခံရုံးရယ် နောက် ကျွန်တော်တို့ နိုင်ငံတော်သမ္မတရုံးပေါ့ အဲဒီထဲကနေပြီးတော့ ရန်ပုံငွေတွေ ထုတ်ပြီးတော့ သုံးစွဲနေတယ်လို့ ကျွန်တော်တော့ သိရပါတယ်။ အဲဒီထဲမှာ နိုင်ငံတော် အတိုင်ပင်ခံရုံးနဲ့ နိုင်ငံတော်သမ္မတရုံးကတော့ ကျွန်တော်တို့ ပြည်ထောင်စုဘတ်ဂျက်အောင်မှာ ရှိပါတယ်။ အဲဒါတွေကတော့ သူတို့ ပွင့်ပွင့်လင်းလင်းပဲ လွှတ်တော်ကို အစီရင်ခံရပါတယ်။ အသေးစိတ်ပဲ။ သို့သော် နိုင်ငံတကာကပေးတဲ့ အကူအညီ အထောက်အပံ့နဲ့ ပတ်သက်လို့ကျတော့ လွှတ်တော်ကို အစီအရင်ခံတာက အသေးစိတ်မလိုဘူးပေါ့ ဥပဒေအရ ပြောလို့ရှိရင် အဲတော့ ပွင့်လင်းမြင်သာမှု ရှိအောင်ကတော့ ကြိုးတော့ ကြိုးစားရမှာပေါ့။ အဲဒါကိုလည်းပဲ ထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတွေက ကျွန်တော်တို့ဆီကို လာပြီးတော့ပြောရင် အဲဒါကိုပဲ အဓိကထားပြီးတော့ ပြောတာပါ။ ပွင့်လင်းမြင်သာမှုရှိရမယ်၊ အများပါဝင်နိုင်ရမယ်၊ အောက်ခြေထိ ပြန့်အောင်လုပ်ရမယ် စသည်ဖြင့် ဒါမျိုးတွေကိုတော့ ပြောနေတာရှိပါတယ်။ အဲလိုအထိန်းအကွပ်တွေ ရှိသည့်အတွက်ကြောင့် ဗရမ်းဗတာတော့ မဖြစ်နိုင်ဘူးပေါ့။ တက်နိုင်သလောက်တော့ ပွင့်လင်းမြင်သာအောင်တော့ ကြိုးစားရတာ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စဉ်းစားကြည့်ရသလောက်ကတော့ ဘယ်လောက်ပဲ ကုန်ကျသည်ဖြစ်စေ ကျွန်တော်တို့ ပြည်သူတွေဘက်က ကြည့်လို့ရှိရင် ငြိမ်းချမ်းရေး အစစ်အမှန်သာရ အစိုးရအနေနဲ့ ဘယ်လောက်ပဲသုံးသုံး ကျွန်တေ်ာတို့အနေနဲ့ ကြည်ဖြူစွာနဲ့ ခွင့်လွှတ်မှာပါ။

ဆက်လက်ဖော်ပြပါမည်။

Mizzima Weekly