မုန်လာဥပင် စနစ်တကျ စိုက်ပျိုးကြရအောင်

10 January 2017
မုန်လာဥပင် စနစ်တကျ စိုက်ပျိုးကြရအောင်

မုန်လာဥပင်ရဲ့ မူရင်းဒေသကတော့ အာရှတိုက်နဲ့ ဥရောပတိုက်ဒေသတို့ကပဲ ဖြစ်ပါတယ်။ မုန်လာဥပင်က အအေးကြိုက် သီးနှံပင်ဖြစ်ပြီး နှစ်ချင်းသီးနှံ့ပင်လည်း ဖြစ်ပါတယ်။ ဥကိုသာ စားသုံးရပါတယ်။

အပင်အမြင့်ကတော့ ၂ လက်မကနေ ၆ လက်မ၊ အကျယ်ကတော့ ၂ လက်မကနေ ၆ လက်မအထိ ရှိပါတယ်။ မုန်လာဥက မီးဖိုချောင် ဟင်းလျာတစ်မျိုး ဖြစ်ပြီး အရှည်မျိုးနဲ့ အဝိုင်းမျိုးဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။

မုန်လာဥပင်ကို ဆောင်းတွင်းကာလမျိုးမှာသာ စိုက်ပျိုးလေ့ရှိပြီး့ ရေမဝပ်သော မြေအမျိုးအစား နှုန်းဆန်ပြီး မြေဆွေးများသော မြေအမျိုးအစားတို့မှာ ဆိုရင် ပိုမိုဖြစ်ထွန်းပါတယ်။ မုန်လာဥ စိုက်ပျိုးတော့မယ့်မြေဟာ သဲမြေဆန်လွန်းခြင်း ဒါမှမဟုတ်ရင် သဲများလွန်းပါက မြေတစ်ဧကကို နွားချေး ဒါမှမဟုတ်ရင် ရ စီးကနေ ၁၅ စီးအထိ ချပေးရမှာပါ။ မုန်လာဥကို စိုက်ခင်းနဲ့ စိုက်ပျိုးတော့မယ်ဆိုရင် ထယ်၂ စပ်ထိုးပြီးတော့ မြေတစ်ဧကကို ပိုတက်ဆီယမ် ဆာလဖိတ် ၃၀ ပိဿ တီစူပါ ၃၀ ပိဿ ချပြီး မြေနဲ့ သမအောင် ထွန် ၆ စပ််ကနေ ၈ စပ််အထိ မွှေပေးဖို့ လိုပါတယ်။

စိုက်တန်း တစ်တန်းနဲ့တစ်တန်းကိုတော့ တစ်ပေ ဒါမှမဟုတ်ရင် ၁ ပေခွဲခန့် ခွာထားပေးရမှာပါ။ စိုက်တန်းများမှာ မျိုးစေ့များကို ကြွက်မြီးတန်း မျိုးစေ့ချစနစ်နဲ့ စိုက်ပျိုးပေးရမှာပါ။ စိုက်ဘောင်များနဲ့ စိုက်မယ်ဆိုရင်တော့ အလျား ပေ ၃၀ အနံ ၄ ပေ အမြင့် ၆ လက်မရှိတဲ့ စိုက်ဘောင်များပေါ်မှာ မြေဆွေး နွားချေး စတာတွေကို မွနေအောင် ဆွပေးပြီးတော့ တစ်ဘောင်နဲ့တစ်ဘောင်ကို လူသွားလမ်း တစ်ပေခန့် ခြားထားပေးဖို့ လိုပါတယ်။ စိုက်ဘောင်တန်းများမှာတော့ မုန်လာဥပင် တစ်ပင်နဲ့တစ်ပင်ကို ၄ လက်မ ဒါမှမဟုတ်ရင် ၆ လက်မ ခြားပြီးတော့ စိုက်ပေးရမှာပါ။ မုန်လာဥပင်ကိုတော့ ပေါင်းမြက််များ ရှင်းလင်းပေးရမယ့်အပြင် လုံလောက်တဲ့ရေကို သွင်းပေးရမှာလည်း ဖြစ်ပါတယ်။

မုန်လာဥပင်ကို စိုက်ပျိုးပြီး ရက် ၂၀ ကြာရင်တော့ အပင်ကြမ်းများကို နှုတ်ပေးရမှာပါ။ ရက်ပေါင်း ၅၇ ရက် ကြာရင်တော့ အပင်များကို နှုတ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။ မုန်လာဥများဟာ ကြီးပြီး ရင့်လာရင်တော့ ကွဲအက်တတ်ပါတယ်။ မုန်လာဥကို ဟင်းချက်၍သော်လည်ကောင်း ချဉ်ဖက်ဖြင့်သော်လည်ကောင်း စားသောက်နိုင်ပြီးတော့ ကြာရှည်ခံရန်အတွက်ကတော့ မုန်လာဥကို နေခြောက်လှန်းပြီး သိမ်းဆည်းနိုင်ပါတယ်။

မုန်လာဥမှာ အဓိက ကျရောက်တတ်တဲ့ ရောဂါပိုးတွေကတော့ မုန်ညင်းဖြတ်ပိုး၊ ရွက်စုံစားပိုးနဲ့၊ တွားကောင်စိမ်းတို့ပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly