ကချင်ပြည်နယ်နေ့ အခမ်းအနား မြစ်ကြီးနားမြို့ မနောကွင်းမှာ ကျင်းပ

ကချင်ပြည်နယ်နေ့ အခမ်းအနား မြစ်ကြီးနားမြို့ မနောကွင်းမှာ ကျင်းပ
 ဓာတ်ပုံ ခွန်းအောင် ဖေ့ဘုတ် 

ချင်းမိုင်၊ဇန်နဝါရီလ ၁၀ ။            ။ ကချင်ပြည်နယ်အား ဂုဏ်ပြုသောအားဖြင့် ယနေ့ ကျရောက်သော ၆၉ နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်ဟု အခမ်းအနားမှူး ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဦးဇော်ဂျတ်က ပြောသည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း ကချင်ပြည်နယ်အား ဂုဏ်ပြုသောအားဖြင့် ကျင်းပခြင်း ဖြစ်သလို၊ ကချင်လူထု၏ စည်းလုံးခြင်း အင်အားကို ပြသသောအားဖြင့် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကျင်းပရခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“၂၀၀၈ ဖွဲ့စည်းအခြေခံ ဥပဒေ အခန်း ၉ (ဂ)မှာ ပါတဲ့ ကချင်ပြည်နယ်ပဲ မဟုတ်ဘူး။ တစ်ခြားပြည်နယ်တွေမှာ နေတဲ့လူမျိုးစုတွေ တခြားနာမည် ပြောင်းပိုင်ခွင့်ရှိတဲ့ ဥပဒေရှိတယ်။ အဲဒါကြောင့် ကျနော်တို့က နဂိုှရှိတဲ့ ပြည်နယ်နာမည်ကို ဘယ်ပြည်နယ်ဖြစ်ဖြစ် အဲဒါကို အမြဲတမ်း ကိုယ့်ရဲ့ စိတ်ထဲမှာ သံဓိဌာန်ကျပြီးမှပဲ အမြဲတမ်း အမှတ်ရဖို့ သိစေချင်လို့ ကျင်းပတာ ဖြစ်ပါတယ်”ဟု သူက ပြောသည်။

အခမ်းအနားတွင် ယနေ့ နံနက် ၉ နာရီမှ ၁ နာရီထိ ကချင်တိုင်းရင်းသား လူမျိုးပေါင်းစုံက စုပေါင်းဝတ်ပြုဆုတောင်းခြင်း၊ ကချင်အမျိုးသားသီးချင်းများသီဆိုခြင်း၊ ကချင်တိုင်းရင်းသား လူမျိုးစုပေါင်းစုံ၏ အကပဒေသာများဖြင့် ဖျော်ဖြေခဲ့ကြပြီး ကချင်ပြည်နယ်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကို ကချင်အတိုင်ပင်ခံ ဥက္ကဋ္ဌ ဦးလထော်ခွန်းဆိုင်းက မိန့်ခွန်းပြောကြားခဲ့သည်။

“ ကျွန်တော်တို့အခမ်းအနားမှာ ဝတ်ပြုဆုတောင်းတယ်။ ကချင်ပြည်နယ်နဲ့ ပတ်သက်တဲ့ သမိုင်းတောက်လျှောက် ဘိုးဘေးဘောင်ဆက် ကျွန်တော်တို့ နေထိုင်ခဲ့တဲ့ အစဉ်အလာနဲ့ ခုထိတိုက်ပွဲ ဘာကြောင့်ဖြစ်နေရတယ်ဆိုတာကို မီးမောင်း ထိုးပြတဲ့ ပြဇာတ်တွေလည်း ပါတယ်”ဟု သူက ပြောသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှစတင်၍ ကချင်ရိုးရာ ထုံးတမ်းစဉ်လာအရ ကချင်ပြည်နယ်နေ့ အထိန်းအမှတ်အဖြစ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနော်ကွင်းတွင် မနောပွဲတော်ကို ကျင်းပခဲ့သည်။

ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၀ ခုနှစ်ထိ စည်စည်ကားကား ကျင်းပခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်မှစတင်၍ အစိုးရ တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)တို့အကြား တိုက်ပွဲ တကျော့ပြန် ဖြစ်ပွားခဲ့ခြင်းကြောင့် ရပ်နားခဲ့ရသည်။

သို့သော် ကချင်ရိုးရာ မနောပွဲသည် အောင်မြင်ခြင်း၊ ပျော်ရွှင်ခြင်း၊ ပေါင်းစည်းခြင်း အဓိပ္ဗါယ်ဆောင်သော်လည်း လက်ရှိ ကချင်ပြည်နယ်တွင် စစ်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး နယ်မြေ တည်ငြိမ်မှု မရှိခြင်းကြောင့် မနော်ပွဲမကျင်းပရန် ကချင်ပြည်သူများ ကန့်ကွက်ခဲ့သော်လည်း၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ ကျရောက်သော ၆၇ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနား မနောပွဲကို ကန့်ကွက်မှု ကြားက ပြန်ကျင်းပခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly