ဇန်နဝါရီ ၁၀၊ ဇူးရစ်။ ။ ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့အကောင်းဆုံးဆုပေးပွဲ အခမ်းအနားသို့ မတက်ရောက်ခဲ့သည့် မက်ဆီကို အာဂျင်တီးနားဂန္ထဝင်ဘောလုံးသမား မာရာဒိုနာက ဝေဖန်ပြောဆိုလိုက်သည်။
မက်ဆီမှာ ကမ္ဘာ့အကောင်းဆုံးဆုအတွက် ပဏာမသုံးဦးစာရင်းတွင် ပါ၀င်နေသောကြောင့် ဆုပေးပွဲအခမ်းအနားသို့တက်ရောက် မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း ၎င်းနှင့်အတူ အကောင်းဆုံးအသင်းတွင် ပါ၀င်ခဲ့ကြသော ဆွာရက်ဇ်၊ နေမာနှင့် ပီကေးတို့အားလုံးမှာလည်း ဆုပေးပွဲသို့ တက်ရောက်ခြင်း မရှိခဲ့ကြပေ။
မက်ဆီနှင့်ဘာစီလိုနာအသင်းသားများ ဆုပေးပွဲသို့ မတက်ရောက်ရခြင်းမှာ လာမည့် ဗုဒ္ဓဟူးနေ့တွင် ဘီလ်ဘာအိုအသင်းနှင့်ကစားရမည့် ကိုပါဒယ်လ်ရေးပွဲစဉ်ရှိနေခြင်းကြောင့်ဟု ဘာစီလိုနာအသင်းက ကြေညာခဲ့သည်။
သို့သော် ထိုအကြောင်းပြချက်ကို မာရာဒိုနာက စိတ်ပျက်လျက်ရှိပြီး ‘မက်ဆီကို စိတ်ပျက်မိပါတယ်။ အိမ်မှာထိုင်ပြီး ဆုပေးပွဲကို ကြည့်နေတာက ဘယ်သူ့ကိုမှ မယှဉ်ပြိုင်နိုင်သလို၊ ဘာကိုမှလည်း မယှဉ်ပြိုင်နိုင်ပါဘူး။ အခမ်းအနားမှာ ရှိနေတာကမှ အားလုံးကို ယှဉ်ပြိုင်နိုင်မှာပါ။
ဒီလိုအရေးကြီးတဲ့ဆုပေးပွဲအခမ်းအနားကို မတက်ရောက်ဖို့ ဘာစီလိုနာအသင်းက ဘာကြောင့်ဆုံးဖြတ်ခဲ့သလဲဆိုတာ ကျွန်တော်မသိပါဘူး။ သူတို့ ဘာစီလိုနာမှာ ရှိနေတာထက် ဇူးရစ်မှာ ရှိနေတာက ပိုပြီး ယှဉ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မယ်လို့ ထင်ပါတယ်’ ဟု မာရာဒိုနာက ပြောဆိုခဲ့သည်။
မက်ဆီနှင့် ဘာစီလိုနာအသင်းသားများ ဆုပေးပွဲမတက်ရောက်ခဲ့ခြင်းကို ရီးယဲလ်ကစားသမားဟောင်းများဖြစ်သည့် ရော်ဘတ်တိုကားလို့စ်နှင့် ဆယ်ဂါဒိုတို့ကလည်း ဝေဖန်သွားခဲ့ကြသည်။
ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း