လန်ဒန်မြေအောက်ရထားလိုင်း ၀န်ထမ်းများ၏ သပိတ်မှောက်မှုကြောင့် ခရီးသွားလုပ်သားပြည်သူများစွာ သွားရေးလာရေး ထိခိုက်

လန်ဒန်မြေအောက်ရထားလိုင်း ၀န်ထမ်းများ၏ သပိတ်မှောက်မှုကြောင့် ခရီးသွားလုပ်သားပြည်သူများစွာ သွားရေးလာရေး ထိခိုက်

ဇန်နဝါရီ ၁၀ ။              ။ ၀န်ထမ်းများ ၏ သပိတ်မှောက် ဆန္ဒပြမှုကြောင့် လန်ဒန်မြေအောက်ရထား လမ်းကွန်ရက် တစ်ခုလုံးနီးပါး ရပ်ဆိုင်းသွားခဲ့ရပြီးနောက် ဇန်နဝါရီ ၉ ရက်က သန်းပေါင်းများစွာသော လန်ဒန်သူ လန်ဒန်သားများမှာ ၎င်းတို့၏ နိစ္စဒူဝ သွားရေးလာရေးပိုင်းတွင် အခက်အခဲများဖြင့် ရင်ဆိုင်ခဲ့ရသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြို့လယ်ခေါင်ရှိ အဓိကကျသော မြေအောက်ရထားဘူတာရုံများတွင်လည်း မြေအောက်ရထားလိုင်း RMT ၀န်ထမ်းများ၏ သပိတ်ကြောင့် ထိခိုက်ခဲ့ရသည်ဟုလည်း သိရသည်။

အလုပ်အကိုင်နေရာများ လျှော့ချဖြတ်တောက်ခံရခြင်းနှင့် ၀န်ထမ်းလယ်ဗယ်မမျှတခြင်းတို့နှင့်ပတ်သက်၍ အငြင်းပွားကာ RMT ၀န်ထမ်းများက ၂၄ နာရီကြာ သပိတ်မှောက်ခဲ့ခြင်းကြောင့်   မြေအောက်ရထားလိုင်း ၁၁ လိုင်းအနက် ဆယ်လိုင်းအထိ ရပ်ဆိုင်းသွားခဲ့ရသည်။

အဆိုပါသပိတ်မှာ ဇန်နဝါရီ ၉ ရက် ညနေ ၆ နာရီတွင် တရားဝင် ရပ်ဆိုင်းပြီးစီးသွားခဲ့သော်လည်း ဘူတာရုံတစ်ချို့မှာ ဆက်ပိတ်ထားဆဲဖြစ်ပြီး ဇန်နဝါရီ ၁၀ ရက်နံနက်ပိုင်းအရောက်မှသာ ပုံမှန်ပြန်လည် လည်ပတ်သွားလာနိုင်မည်ဟု ယူဆရသည်။

ဇန်နဝါရီ ၉ ရက်က ယင်းမြို့မှ နေ့စဉ်ပုံမှန်ရုံးတက်ရုံးဆင်းသွားလာနေကြရသူများအနေဖြင့် မိုးရွာသွန်းမှုကြောင့် သွားရေးလာရေးပိုင်းတွင် အဆင်မပြေမှု ပိုများခဲ့ကြပြီး ဘတ်စ်ကားများတွင် လူများ   ပြွတ်ကျပ်နေခဲ့ကာ တစ်ချို့မှာလည်း ကြပ်ပိတ်သိပ်နေသော မြေပေါ်ရထားတွဲများပေါ်သို့ အလုအယက်တိုးတက်ခဲ့ကြရသည်ဟုလည်း သိရသည်။

လန်ဒန်မြို့တွင် နေ့စဉ် မြေအောက် ရထားလမ်းကွန်ရက်ကို အားကိုးအားထား ပြုနေကြရသူပေါင်း ၅ သန်းခန့်ရှိနေသည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly