အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN ဇန်နဝါရီလ ၁၃ ရက်မှာ ထပ်မံ တွေ့ဆုံဆွေးနွေးမည်

အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN ဇန်နဝါရီလ ၁၃ ရက်မှာ ထပ်မံ တွေ့ဆုံဆွေးနွေးမည်
ဦးအောင်ကြည် ဦးဆောင်သောအဖွဲ့နှင့် DPN တို့ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၅ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့သည့် ပုံ။

ချင်းမိုင်၊ ဇန်နဝါရီလ ၉ ။           ။ ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် နိုင်ငံရေးဆိုင်ရာဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြန်လည် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။

“၁၃ ရက်နေ့ တွေ့မယ်လို့ လျာထားတယ်။ အလွတ်သဘောပါပ ဲ။ အလွတ်သဘောဆိုပေမယ့်လည်း ကျွန်တော်တို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်သွားမဲ့ အခြေအနေလေးတွေကိုလည်း ပါမှာပေ့ါ၊ ကျွန်တော်တို့ တင်ပြဆွေးနွေးတဲ့ အချက်အလက်တွေ ပြေလည်ဖို့အတွက် နည်းလမ်းရှာမယ်။ နောက်ရှေ့ဆက်သွားမဲ့အစီအစဉ်လေးတွေကိုလည်း ကျွန်တော်တို့ ညှိကြမယ်ဆိုတဲ့ သဘောပါပဲ”ဟု DPN ခေါင်းဆောင် ခူဦးရယ်က ပြောသည်။

အပစ်ရပ်လက်မှတ်မထိုးသေးသည့် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) မှ DPN က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အပါအဝင် အာမခံချက်ရှိပြီး အဓိပ္ဗါယ် ပြည့်ဝသော   နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်သို့ တက်လှမ်းနိုင်ရေးအတွက် အချက် ၉ ချက်ကို အဆိုပြုထားသည်။

ယင်းတွေ့ဆုံဆွေးနွေးမှုတွင် ငြိမ်းချမ်းရေးကော်မရှင်မှ ဒေါက်တာ တင်မျိုးဝင်း မအားလပ်သဖြင့် တက်ရောက်လာနိုင်ခြင်း မရှိဘဲ ဦးအောင်ကြည် ဦးဆောင်သောအဖွဲ့ လာရောက်မည်ဟု အကြမ်းဖျဉ်းသိရှိရသည်ဟု သူက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၉ ရက်၊ ၁၀ ရက်နေ့များတွင် ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့ ရန်ကုန်မြို့တွင် တတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။  ယင်းတွေ့ဆုံဆွေးနွေးမှုတွင် ဒီဇင်ဘာလအတွင်း ထပ်မံ တွေ့ဆုံဆွေးနွေးကြရန် ညှိနှိုင်းခဲ့သော်လည်း နှစ်ဖက် ညှိနှိုင်းမရခဲ့သဖြင့် ယခု ပြန်လည် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly