မ.ထ.သ မှ အမည်ပြောင်းလဲ၍ ဇန်န်ဝါရီ ၁၆ရက်နေ့အမီ ပြန်လည်ပြေးဆွဲသွားမည်

မ.ထ.သ မှ အမည်ပြောင်းလဲ၍ ဇန်န်ဝါရီ ၁၆ရက်နေ့အမီ ပြန်လည်ပြေးဆွဲသွားမည်
ဓာတ်ပုံ - သူရ

ရန်ကုန်၊ ဇန်နဝါရီလ ၉ ။            ။ မ.ထ.သ ယာဉ်ပိုင်ရှင်များထဲမှ ရှယ်ယာများဖိတ်ခေါ်ကာ ရန်ကုန်မြို့ပြအများပြည်သူသယ်ယူ ပို့ဆောင်ရေးကုမ္ပဏီအမည်ဖြင့် ပြန်လည်ပြေးဆွဲနိုင်ရန် စီစဉ်နေကြောင်း မ.ထ.သ မှ ပြောရေးဆိုခွင့်ရှိ သူက ပြောသည်။

" ကျွန်တော်တို့ကတော့ မ.ထ.သ အနေနဲ့ပဲ ကုမ္ပဏီဖွဲ့မှာ။ ဒါပေမယ့် ဝန်ကြီးချုပ်ရဲ့ အာဏာပိုင်အဖွဲ့ရဲ့ အောက်ကပဲပေါ့။ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ ခေါင်းစဉ်ရဲ့အောက်မှာ ကုမ္ပဏီ ၈ ခုရှိတယ်။ အဲ့ဒီထဲကမှ ကျွန်တော်တို့က တစ်ခုပေါ့။ ၁၆ ရက်နေ့ပြေးဆွဲနိုင်ဖို့က အခုအစိုးရအဖွဲ့မှာ အစည်းအဝေးသွားလုပ်နေပါတယ် "ဟု မ.ထ.သ မှ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း စတင်ညွှန်ကြားစဉ်ကတည်းက ပြင်ဆင်နေခြင်းဖြစ်ပြီး မ.ထ.သ မှ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့အောက်တွင် ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေးကုမ္ပဏီအမည်ဖြင့် အသစ်ပြောင်းလဲလိုက်သည့် အများပိုင်သယ်ယူပို့ဆောင်ရေးစနစ်တွင် ပါ၀င်ပြေးဆွဲသွားမည်ဖြစ်သည်။

လက်ရှိတွင် မ.ထ.သ(မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ )အနေဖြင့် ဒါရိုက်တာအဖွဲ့ ဖွဲ့ပြီးသွားပြီး တရုတ်နှင့် ကိုးရီးယားနိုင်ငံမှာ ဘတ်စ်ကားများ မှာယူတင်သွင်းနေပြီး  လက်ရှိတွင် ဘတ်စ်ကားစီးရေ ၂ဝဝ ခန့် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ ၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မ.ထ.သ ယာဉ်လိုင်းအပါအဝင် ယာဉ်လိုင်းပေါင်း ၃ဝဝ ကျော်ကို ဖျက်သိမ်း၍ အများပိုင်သယ်ယူပို့ဆောင်ရေး စနစ်သစ်ဖြင့် ဇန်နဝါရီလ ၁၆ ရက်နေ့မှ စတင်ကာ ပြေးဆွဲသွား တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly