မီးလောင်သွားသော မင်္ဂလာစျေး အမြန်ဆုံး ပြန်လည်တည်ဆောက်ပေးရေး စျေးသူစျေးသား ၅ဝဝ ခန့် ဆန္ဒထုတ်ဖော်

မီးလောင်သွားသော မင်္ဂလာစျေး အမြန်ဆုံး ပြန်လည်တည်ဆောက်ပေးရေး စျေးသူစျေးသား ၅ဝဝ ခန့် ဆန္ဒထုတ်ဖော်

ရန်ကုန်၊ ဇန်နဝါရီလ ၉ ။              ။ ရန်ကုန်မြို့၊ အဆင့်မြင့် မင်္ဂလာစျေး မီးလောင်မှုမှာ တစ်နှစ်ခန့်ကြာမြင့်ခဲ့သော်လည်း စျေးသစ် ပြန်လည်တည်ဆောက်မှု ကြန့်ကြာနေသဖြင့် အမြန်ဆုံး ပြန်လည်တည်ဆောက်ပေးရေးအတွက် စျေးသူစျေးသား ၅ဝဝ ခန့်က ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသည်။

ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့၊ နံနက် ၉ နာရီတွင် ရန်ကုန်မြို့တော်ခန်းမအနီးရှိ မဟာဗန္ဓုလပန်းခြံရှေ့တွင် စျေးသူစျေးသား ၅ဝဝ ခန့်က ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်   တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

" ကျွန်တော်တို့ စျေးကြီးကို တစ်နှစ်ကြာတဲ့အထိ ဘာမှ လုပ်ပေးခြင်းကို မရှိသေးပါဘူး။ ကျွန်တော်တို့စျေးကို အမြန် ဆုံးပြန်လည်တည်ဆောက်ပေးရေး၊ တကယ်လို့ တည်ဆောက်ပေးမယ်ဆိုရင် ဘယ်လိုပုံစံတည်ဆောက်ပေးမလဲ။ ဘယ်လောက်အထပ်မြင့်မလဲ။ ဘယ်လောက်ကြာမလဲ။ ကျွန်တော်တို့ စျေးသူစျေးသားတွေကရော ဘယ်တော့မှ မိမိစျေးပေါ်မှာ ပြန်လည်ရောင်းချခွင့် ရမလဲ။ အဲ့ဒါတွေကို သိချင်တဲ့အတွက် ကျွန်တော်တို့ သက်ဆိုင်ရာမှ ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြောကြားပေးဖို့အတွက် ခုလို လာရောက်ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပါတယ် " ဟု လာရောက််ဆန္ဒထုတ်ဖော်သော မင်္ဂလာစျေး ဒုတိယထပ်ကိုယ်စားလှယ် ဦးသန်းချိုက ပြောသည်။

အဆိုပါ အဆင့်မြင့် မင်္ဂလာစျေးမှာ ရန်ကုန်မြို့၊ မင်္ဂတောင်ညွှန့်မြို့နယ်တွင်တည်ရှိပြီး ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့၊ နံနက် ၁ နာရီ၊ မိနစ် ၂ဝ တွင် ဒုတိယအကြိမ် ထပ်မံမီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မီးလောင်ရာတွင် အပေါ်ဆုံးထပ်များဖြစ်သော ၃ လွှာ၊ ၄ လွှာ၊ ၅ လွှာရှိ ဆိုင်ခန်းပေါင်း ၆၅၆ ခန်းမီးလောင် ပျက်စီးခဲ့ခြင်းဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး သိန်းပေါင်း ၃ သောင်းကျော်(၃၆၆ဝ၂)သိန်းထိ ရှိခဲ့သည်။

" ကျွန်မတို့ အမြင်ကို ပြောရမယ်ဆိုရင် အခု လက်ရှိအစိုးရက ဒီမင်္ဂလာစျေးကိစ္စကို အရေးမကြီးဘူးလို့များ မှတ်ယူနေလားလို့ ကျွန်မမေးပါရစေ။ ဘာကြောင့်လဲဆိုရင် အရေးကြီးတယ်ဆိုရင် ဒီအထပ်တွေက မကြာခင်မှာပဲ ချက်ချင်းကို ဖြစ်လာရမယ့်ဟာက နှေးနှေးကြီးဖြစ်နေတာကို ကျွန်မတို့က စိတ်ပူတာပါရှင် "ဟု မင်္ဂလာစျေးတွင် အထည်ရောင်းချသူ မဒါလီမြင့်က ဆိုသည်။

လက်ရှိတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် အဆိုပါ မီးလောင်ခံခဲ့ရသည့် မင်္ဂလာစျေးကို ဖြိုချလျက်ရှိပြီး အဆင့်မြင့်စျေးကြီးအဖြစ် တည်ဆောက်ရန်အတွက် စီစဉ်ဆောင်ရွက်နေကြောင်း သိရှိရသည်။

အဆိုပါမင်္ဂလာစျေးမှာ ပထမအကြိမ်အဖြစ် ၂ဝ၁ဝ ခုနှစ်၊ မေလ ၂၄ ရက်နေ့က ဆိုင်ခန်းပေါင်း ၈၄၅ ခန်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၂ သောင်းကျော်ထိရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly