အဂတိလိုက်စားမှု ဆန့်ကျင်ရေး ကနဦးသတင်းများကို ကြိုဆိုလိုက်ပါသည်

မိမိတို့နိုင်ငံသည် အဂတိလိုက်စားမှုနာမည်ဆိုးဖြင့် ကမ္ဘာကျော်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

အဂတိလိုက်စားမှုသည် တရားမ၀င်လုပ်ငန်းဟူသမျှ၊ ယင်းနှင့်ဆက်စပ်သော မကောင်းမှုလုပ်ငန်းဟူသမျှကို တံခါးမရှိ ဓါးမရှိ အခွင့်သာစေသည်။ ထို့ပြင် တရားဥပဒေစိုးမိုးရေးမှာ ခါးလည်မှ ကိုင်ချိုးခံရသလိုဖြစ်ကာ တရားမ၀င်လုပ်ငန်းဟူသမျှကို ရေလောင်းပေါင်းသင်ပေးသလို ဖြစ်စေပြန်သည်။ ဤ ဖြစ်ရပ်၏ နောက်ဆုံး အကျိုးဆက်မှာ ပြည်သူတို့၏ အကျိုးစီးပွားကို တိုးမြှင့်စေရန်မပြောနှင့် ပြည်သူတို့၏ ဥစ္စာစည်းစိမ်ထိပါးခံရပြီးနောက် ပြည်သူတို့၏လုံခြုံရေးကိုပင်လျင် အာမခံချက်မပေးနိုင်အောင် ဖြစ်စေတော့သည်။

အဂတိလိုက်စားမှုမှာ အောက်မှအထက်သို့ ကူးစက်လာခြင်းမဟုတ်ချေ။ အထက်မှအောက်သို့ ကူးစက်ရာမှ နောင်အခါ ဒေါင်လိုက်ကူးစက်ပြန့်နှံ့ဖြင်းဖြင့် နိုင်ငံလွှမ်းခြုံ ရောဂါဆိုးတစ်ခုအဖြစ် တိုင်းပြည်ကို ဒုက္ခပေးတော့သည်။ ထို့ကြောင့် အနာသိမှ ဆေးရှိဆိုသလို အဂတိလိုက်စားမှု ဘယ်ကစသည် ဘယ်ကစပြီး ကုသရမည် အစရှိသော ရောဂါဇစ်မြစ်ကို ပြတ်ပြတ်သားသား မြင်နိုင် လက်ခံနိုင်မှသာ ရောဂါကုထုံးကုနည်းကိုလည်း မှန်ကန်စွာ ရွေးချယ် ကုသ နိုင်မည်ဖြစ်သည်။

အဂတိလိုက်စားမှုရောဂါ ကြာမြင့်လာသောအခါ အဂတိတရားဖြင့် ကြီးပွားချမ်းသာတိုးတက်ခိုင်မာသူများသည် လူရှေ့သူရှေ့တွင် ထွက်ရပ်ရန် သတ္တိရှိလာကြတော့သည်။ အဂတိလိုက်စားမှုမှာ ရှက်ရကြောက်ရမည့် အလုပ်အဖြစ်မှ ဂုဏ်ရှိသည့်လုပ်ငန်းတစ်ခုအဖြင့် အဓိပ္ပါယ်တိမ်းစောင်းရသည်အထိ ဖြစ်လာရတော့သည်။ သည်လိုနှင့် အဂတိများများလိုက်စားနိုင်သူတို့သည် တဆင့်တက်ကာ  လူသူအများ၏ ရိုသေလေးစားခန့်ညားမှုကို ခံယူဖို့ ကြိုးစားလာကြသည်။ ထို့နောက်  ယင်း အဂတိလိုက်စားမှုဖြင့်ရရှိလာသည့် အခွင့်အာဏာနှင့် စည်းစိမ်ဥစ္စာများကို အရင်းပြုကာ သူတို့အတွက် အခွင့်အာဏာနှင့် စည်းစိမ်ချမ်းသာများကို ထပ်မံစုစည်းယူနိုင်ကြပြန်သည်။ ထိုအခါ သူတို့ကိုယ်သူတို့ ပိုမိုချမ်းသာကြွယ်ဝစေရေး၊ လုံခြုံရေးကို အာမခံနိုင်သည့် ဥပဒေများ ပြဌာန်းနိုင်သည်အထိ၊ ဥပဒေများကို လိုသလို အဓိပ္ပါယ်ဖေါ်နိုင်သည်အထိ ဖြစ်လာကြသည်။ နှစ် ၆၀ ကျော်လာသောအခါ အဂတိလိုက်စားမှုဝန်ရိုးကြီးမှာ မိမိတို့နိုင်ငံ၏ အဓိက ၀န်ရိုးကြီးတစ်ခုဖြစ်လာကြရတော့သည်။

ယခုအခါ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအသံမှာ ကံအားလျော်စွာ ယခင်ကထက် ပိုပြီး အသံကျယ်လာသည်ကို ကြားလာကြရပြန်သည်။ သို့သော် သည်တခါ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကြိုးပမ်းမှုက အထက်က အစီရင်ခံခဲ့သလို အဂတိလိုက်စားမှုသည် အထက်မှ အောက်သို့ကူးစက်ပျံ့နှံ့လာသည့်အတွက်ကြောင့်ဟူသော အယူအဆကို စတင်သိမြင်လာနေပြီလောဟု ယူဆရမလိုဖြစ်လာသည်။

ဒီရက်ပိုင်းအတွင်း မြိတ်မြို့က ကွန်ဒိုအရောင်းပြခန်းဖွင့်ပွဲ ဖိတ်စာနှင့်အတူ လက်ဆောင်ပေးသည့် စမတ်ဖုန်းလေးလုံးကို ဖိတ်စာအပေးခံရသည့် ဒီချုပ်ကိုယ်စားလှယ်လေးဦးက လက်မခံပဲ ပြန်လည်ပေးအပ်ခဲ့ကြောင်းသတင်းမှာ အင်တာနက်လူမှုကွန်ရက်တွင် လူအများစိတ်ဝင်စား စရာသတင်းဖြစ်ခဲ့သည်။

ဒေသတာဝန်ရှိသူများ၊ တိုင်းပြည်တာဝန်ရှိသူများ၏ ယခုလို အဂတိလိုက်စားမှုဆန့်ကျင်သည့် အပြုအမူများသတင်းမှာ ဟိုတစ သည်တစ ကြားလာရစပြုလာသည်မှာ မင်္ဂလာသတင်းပင်ဖြစ်သည်။ တိုင်းပြည်ဆင်းရဲမွဲတေရသည့်ရောဂါဆိုးကြီး၏ ဇစ်မြစ်ကို စတင်သိရှိ ကုသဖို့ကြိုးစားသည့် ကနဦးသတင်းများအဖြစ် မဇ္ဈိမက လက်ခံကြိုဆိုပါသည်။

နောင်တွင်လည်း မိမိတို့တိုင်းပြည်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအပြုအမှုများ ဆောင်ရွက်မှုများကို တိုင်းပြည်တာဝန်ရှိသူများသည် ယခုလို ဟိုတစသည်တစမှသည် ကျယ်ပြန့်မှန်ကန်ထိရောက်သည့် တိုင်းပြည်နှင့်အ၀ှမ်း မူအရကျင့်ကြံဆောင်ရွက်လုပ်ကိုင်ကြသည်အထိ တိုးတက်အောင်မြင်လာစေရေး မဇ္ဈိမက လှိုက်လှဲစွာ တိုက်တွန်းလိုက်ပါသည်။