“ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အလားအလာ ဘယ်လိုရှိသလဲ”

“ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အလားအလာ ဘယ်လိုရှိသလဲ”

ဒီနေ့ ဇူလိုင် ၂၂ ရက်နေ့ ရန်ကုန်မှာ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ နောက်ဆုံးဖွဲ့စည်းထားတဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တို့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်နေကြပါပြီ။ လပေါင်းများစွာ ညှိနှိုင်း၊ သဘောတူညီချက်တွေ ရမလို၊ ရမလို နီးစပ်ပြီးကာမှ ပြန်ပြန် ဝေးသွားတဲ့ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးပွဲ ဒီတစ်ကြိမ်ရော ပြီးပြတ်နိုင် ဦးမလား၊ ပြီးပြတ်သွားခဲ့ရင်တော့ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ထူးခြားတဲ့ အောင်မြင်မှုရမှာ ဖြစ်သလို မပြီးပြတ်ဘူးဆိုရင်လည်း ဘာတွေဆက်လုပ်သင့်သလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

အခု ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အစိုးရဘက်ကတော့ နောက်ဆုံး အပြီးအပြတ် ဖြစ်စေချင်ပုံ ရပါတယ်။ လောလောဆယ် ဇူလိုင် ၂၂ ကနေ ၂၄ အထိ သုံးရက်တာ သတ်မှတ်ထားပြီး တကယ် ပြီးပြတ်မယ်ဆိုရင် နောက်ထပ် ရက်ထပ်တိုး ဆွေးနွေးဖို့လည်း ဝန်လေးနေမှာ မဟုတ်ပါဘူး။

အခု ဆွေးနွေးပွဲ မတိုင်ခင် အစိုးရဘက်က အဖွဲ့ခေါင်းဆောင် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းဟာ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ကေအင်န်ယူ ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန် အဖွဲ့နဲ့လည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလွတ်သဘော တွေ့ဆုံခဲ့ပါသေးတယ်။ ဒါတင်မက ကေအင်န်ယူ ဥက္ကဋ္ဌ စောမူတူးစေးဖိုးနဲ့ ရှမ်းလက်နက်ကိုင် RCSS အဖွဲ့ ခေါင်းဆောင်တွေကိုလည်း ချင်းမိုင်မှာပဲ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။ ဒါတင်မက လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေဘက်က အရေးအကြီးဆုံး ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကေအိုင်အို ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ နဲ့လည်း ချင်းမိုင်မှာ အလွတ်သဘော တွေ့ဆုံမှုတွေ လုပ်ခဲ့ပါသေးတယ်။ သတင်းတွေအရ ကေအိုင်အို ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ကေအိုင်အို အနေနဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်ရေးထိုးမယ်လို့ ပြောဆိုပေမယ့် ဒါက သိပ်ပြီးအသစ်အဆန်း တိုးတက်မှုတစ်ခုတော့ မဟုတ်ပါဘူး။

ပြောရရင် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC ဘက်ကတော့ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် စိတ်ဆန္ဒ အတော်လေးကို ပြင်းပျနေပုံ ရသလို ဒီတစ်ကြိမ်မှာ လက်မှတ်ရေးထိုးနိုင်ဖို့ အကြီးအကျယ် ကြိုးစားနေတာကိုလည်း တွေ့နိုင်ပါတယ်။ သိပ်မကြာသေးခင် အချိန်ကတည်းက အစိုးရဘက်က ပြောဆိုနေတာတွေကတော့ အပစ်ရပ် စာချုပ်ကို ခပ်မြန်မြန် လက်မှတ်ရေးထိုးချင်တယ်၊ ပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲတွေ စထားချင်တယ်၊ ဒီ အစိုးရ လက်ထက်မှာပဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အစပြုထားချင်တယ်၊ သိပ်မကြာခင် ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးရေးတွေ လုပ်ကြရတော့မယ်၊ တကယ်လို့များ အခုကာလ အပစ်ရပ်စာချုပ် လက်မှတ် မရေးထိုးနိုင်ခဲ့ဘူးဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ နောက်ထပ် အချိန်ကာလ အများကြီး နောက်ဆုတ်သွားနိုင်တယ်ဆိုတာမျိုး ဖြစ်ပါတယ်။

လက်နက်ကိုင် တိုင်းရင်းသားတွေဘက်ကတော့ အဲလို မယူဆကြပါဘူး။ နောက်ဆုံး သူတို့ သဘောထားကတော့ ကိုယ်စားလှယ်အဆင့် ညှိနှိုင်း လက်မှတ်ထိုးထားတဲ့ NCA အပစ်ရပ် စာချုပ် က အချက်အလက်တချို့ ပြင်ဆင်ချင်တယ်။ တစ်တိုင်းပြည်လုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုး ပြီဆိုရင် တကယ့်မြေပြင်မှာလည်း အပစ်အခတ် ရပ်စဲနေတာမျိုး ဖြစ်ချင်တယ်။ လက်မှတ်ရေးထိုးရာမှာ အစိုးရဘက်က လက်မခံတဲ့ ကိုးကန့်အဖွဲ့လို၊ တအာင်းပလောင် အဖွဲ့လိုမျိုးကိုလည်း အားလုံးနည်းတူ ပါဝင်လက်မှတ် ရေးထိုးစေချင်တယ်ဆိုတာမျိုး ဖြစ်ပါတယ်။ ဒါတွေ ညှိဖို့ဆိုတာ လွယ်မယောင်နဲ့ ခက်ပါတယ်။ ဒါ့အပြင် ဆွေးနွေးညှိနှိုင်းမှုတွေမှာ မပါတဲ့ အခြားရေခံ မြေခံ အချက်အလက်တွေကလည်း ရှိနေပါသေးတယ်။ အဲဒါကတော့ လက်ရှိ တပ်မတော်၊ အစိုးရအဖွဲ့နဲ့ လွှတ်တော်ပါဝင်တဲ့ ခေတ်အဆက်ဆက် တိုင်းပြည်ကို အုပ်စိုးခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ် ဟောင်းတွေအနေနဲ့ တိုင်းရင်းသား တန်းတူရေးကို ဘယ်လောက် အသိအမှတ်ပြုသလဲဆိုတဲ့ ကိစ္စပါ။ သိပ်မကြာသေးခင်တုန်းကပဲ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်ရာမှာ တိုင်းရင်းသားတွေ လိုလားတောင်းဆိုတဲ့ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ် အမတ်တွေရဲ့ မဲဆန္ဒနဲ့ ခန့်အပ်ရေး အဆိုပြုချက် တပ်မတော်က ပယ်ချတာကို ခံခဲ့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ သက်ရောက်မှု ရှိနိုင်တယ်လို့ အရင် တိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့ NCCT ခေါင်းဆောင် နိုင်ဟံသာက သတင်းမီဒီယာတွေ ကို ပြောဆိုခဲ့ဖူးပါတယ်။

ပြောရရင် တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးဆိုတာ မကြာမီ ကျင်းပတော့မယ့် ရွေးကောက်ပွဲကြီးလိုပဲ အရေးကြီးပါတယ်။ ရွေးကောက်ပွဲနဲ့ ကွာခြားတာက ရွေးကောက်ပွဲဆိုတာ လွတ်လပ်ပြီး တရားမျှတအောင် ကျင်းပပေး၊ ပြီးရင် ရလဒ်ကို မှန်မှန်ကန်ကန် အသိအမှတ်ပြု အကောင်အထည် ဖော်ပေးရင် ပြီးပါပြီ။ ဒါပေမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ အပစ်ရပ် လက်မှတ်ထိုးလိုက်နိုင်ရုံနဲ့ မပြီးဘဲ ရေရှည် တည်ဆောက် သွားရမယ့်အရာ ဖြစ်နေလို့ပါပဲ။

ဒါကြောင့် လက်ရှိကျင်းပနေဆဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကနေတစ်ဆင့် တစ်တိုင်း ပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ်တစ်ခု သဘောတူညီမှု ရနိုင်သည်အထိ ဆွေးနွေး ညှိနှိုင်းကြပါ။ အပေးအယူ လုပ်ကြပါ။ ရလဒ်ကောင်းတစ်ခုပေါ်ထွက်လာရင် ဘယ်လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တစ်စည်းရဲ့ အောင်မြင်မှုမှ မဟုတ်ဘဲ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးရဲ့ အောင်ပွဲကြီးပဲ ဖြစ်ပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ အောင်ပွဲကြီးပဲ ဖြစ်ပါလိမ့်မယ်။

တစ်ဆက်တည်း မြန်မာနိုင်ငံရဲ့ အနာဂတ်ကောင်းကို ပုံဖော်နိုင်ရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ ရွေးကောက်ပွဲ ကို လွတ်လပ်မျှတစွာ ကျင်းပပေးဖို့ တွန်းအားတစ်ရပ်လည်း ဖြစ်စေပါလိမ့်မယ်။ ဒါပေမယ့်လည်း အကြောင်းကြောင်းကြောင့် မပြီးဆုံးခဲ့သေးရင်တောင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ရပ်မပစ်လိုက် ကြဖို့၊ သဘောထားကြီးကြီး စိတ်ရှည်ရှည်ထားပြီး ဆက်ပြီးဆွေးနွေးကြဖို့ သင့်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly