ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် စီရော်နယ်လ်ဒို ရေးပန်းအစားဆုံးဖြစ်

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် စီရော်နယ်လ်ဒို ရေးပန်းအစားဆုံးဖြစ်

ဇန်နဝါရီလ ၉ ရက်နေ့ ဇူးရစ်မြို့မှာ ဖီဖာ ကမ္ဘာ့အကောင်းဆုံးဆုတွေ ချီးမြှင့်မယ့် အခမ်းအနားမှာ စီရော်နယ်လ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးဖို့ ရေးပန်းအစားဆုံးဖြစ်တယ်လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့လက ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ရော်နယ်လ်ဒိုဟာ ပြိုက်ဘက်ကစားသမား မက်ဆီကို ကျော်ဖြတ်ပြီး ၄ ကြိမ်မြောက်အဖြစ် ၂၀၁၆ ရွှေဘောလုံးဆု Ballon d'Or ကို ရရှိခဲ့ပါတယ်။

၂၀၁၆ အကောင်းဆုံး အမျိုးသား ဘောလုံးသမား ဆန်ခါတင်အတွက် ဘာစီလိုနာရဲ့ မက်ဆီနဲ့ အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်းတို့လည်း ရွေးချယ်ခံထားရပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ပြင်သစ်ဘောလုံးမဂ္ဂဇင်းနှင့် ၆ နှစ်ကြာ ပူးပေါင်းပြီး FIFA Ballon d'Or နာမည်နဲ့ ကမ္ဘာ့အကောင်းဆုံးဆုတွေကို ချီးမြှင့်ခဲ့ရာကနေ ဒီနှစ်အစောပိုင်းက နှစ်ဖက် လမ်းခွဲလိုက်တဲ့အတွက် ကမ္ဘာ့အကောင်းဆုံးဆုတွေကို The Best နာမည်သစ်နဲ့ ဆက်လက် ချီးမြှင့်မှာဖြစ်ပါတယ်။

ဖီဖာက အကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆု၊ အကောင်းဆုံး အမျိုးသားနည်းပြဆုနဲ့ အကောင်းဆုံး အမျိုးသမီးနည်းပြဆုတွေကိုပါ အဆိုပါအခမ်းအနားမှာ ချီးမြှင့်သွားမှာဖြစ်ပါတယ်။

ဖီဖာရဲ့ တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး အမျိုးသားနည်းပြဆုတွေအတွက် ဆန်ခါတင် ၃ ဦးစာရင်းမှာ လက်စတာကလပ်ရဲ့ သမိုင်းမှာ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဆုဖလားကို ရယူပေးခဲ့တဲ့ နည်းပြ ရာနီရေရီ၊ ယူရို ၂၀၁၆ ဗိုလ်လုပွဲမှာ အိမ်ရှင် ပြင်သစ်ကို အနိုင်ယူပြခဲ့ပြီး ပေါ်တူဂီအသင်းကို ပထမဆုံးအကြိမ်အဖြစ် အဓိကဆုဖလား ဆွတ်ခူးရယူပေးခဲ့တဲ့ ဖာနန်ဒိုဆန်းတို့စ်နဲ့ ရီးယဲလ်နည်းပြနေရာကို နှစ်အစပိုင်းမှာ ဆက်ခံခဲ့ပြီးနောက် ချန်ပီယံလိဂ်ဖလား ရယူပေးခဲ့တဲ့ နည်းပြ ဇီဒန်းတို့ ပါဝင်ပါတယ်။

အကောင်းဆုံး အမျိုးသား ဘောလုံးသမားနှင့် အမျိုးသမီး ဘောလုံးသားဆု၊ အမျိုးသား နည်းပြနှင့် အမျိုးသမီး နည်းပြဆုများ မဲပေးရွေးချယ်ရာမှာ လက်ရွေးစင်အသင်း ခေါင်းဆောင်နှင့် နည်းပြများရဲ့ ဆန္ဒမဲ ၂၅ ရာခိုင်နှုန်း၊ ပထမဆုံးအကြိမ်အဖြစ် ပရိသတ်များက အွန်လိုင်းမှ တစ်ဆင့် မဲပေးမှုမှ ၂၅ ရာခိုင်နှုန်းနှင့် ကမ္ဘာတစ်လွှားရှိ မီဒီယာများထံမှ ဆန္ဒမဲ ၂၅ ရာခိုင်နှုန်းတွေကို ရယူ ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် အကောင်းဆုံး သွင်းဂိုး Puskas ဆုနဲ့ အကောင်းဆုံး ပရိသတ်ဆုတွေကိုပါ ချီးမြှင့်သွားမှာဖြစ်ပါတယ်။

၂၀၁၆ ဖီဖာ တစ်နှစ်တာ အကောင်းဆုံးဆုများအတွက် ဆန်ခါတင် စာရင်း

အကောင်းဆုံး သွင်းဂိုး Puskas ဆုအတွက်  ဆန်ခါတင် (၃) ဦး
မာလွန် (ကိုရင်သီဟန်)၊ ရိုဒရီဂွက် (ဗင်နီဇွဲလား)၊  ဖာဇီ ဆူဘရီ (Pulau Pinang)

အကောင်းဆုံး အမျိုးသား ဘောလုံးသမား ဆန်ခါတင် (၃) ဦး
မက်ဆီ (ဘာစီလိုနာ)၊  စီရော်နယ်လ်ဒို (ရီးယဲလ်)၊ ဂရစ်ဇ်မန်း (အက်သလက်တီကို)

အကောင်းဆုံး အမျိုးသမီးဘောလုံးသမား ဆန်ခါတင် (၃) ဦး
ကာလီလွိုက်(အမေရိကန်)၊ မာတာ(ဘရာဇီးလ်)၊ ဘာရင်ဂါ(ဂျာမနီ)

အကောင်းဆုံး အမျိုးသားနည်းပြဆုအတွက် ဆန်ခါတင် (၃) ဦး
ရာနီရေရီ (လက်စတာ)၊ ဖာနန်ဒိုဆန်းတို့စ် (ပေါ်တူဂီ)၊ ဇီဒန်း (ရီးယဲလ်)

အကောင်းဆုံး အမျိုးသမီးနည်းပြဆုအတွက် ဆန်ခါတင် (၃) ဦး
ဂျီးလ်အဲလစ် (အမေရိကန်)၊ ဆယ်လ်ဗီယာနိဒ်(ဂျာမနီ)၊ ပီယာဆန်းဟေ့ချ်(ဆွီဒင်)

Ref; BBC Sports, EFE_EPA

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags