ယခုနှစ်အတွင်း ကာ/ချုပ် အနားယူမည့် သတင်း မဟုတ်မှန်

ယခုနှစ်အတွင်း ကာ/ချုပ် အနားယူမည့် သတင်း မဟုတ်မှန်
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 

ယခုနှစ်အတွင်း တာဝန်မှ အနားယူတော့မည်ဆိုသည့် သတင်းသည် မဟုတ်မှန်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘီဘီစီသတင်းဌာနနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်။

တပ်မတော်အနေဖြင့် မြန်မာနိုင်ငံရေး အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်တွင် ယခုအချိန် အသက်သွေးချွေးများစွာ ရင်းနှီး၍ လွပ်လပ်ရေးရအောင် ဆောင်ရွက်ခဲ့ကြောင်း ကာ/ချုပ်က ပြောကြားသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအားလုံးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ မပြီးစီးဘဲ ကျန်ရှိနေမည်ဆိုလျှင် တပ်မတော်အနေဖြင့် နိုင်ငံရေးလုပ်ငန်းစဉ်များမှ ပြန်လည်ထွက်ခွာရန် အခက်အခဲရှိနိုင်ကြောင်းလည်း ၎င်းက ပြောကြားသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲသည် လွတ်လပ်မှုနှင့် တရားမျှတမှုရှိမည်ဟု ယုံကြည်ထားကြောင်းနှင့် တပ်မတော်ကလည်း တတ်နိုင်သမျှကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယခုနှစ်တွင် တပ်မတော်မှအငြိမ်းစားယူမည်ဟု သတင်းထွက်ပေါ်နေမှုနှင့် သမ္မတတာဝန် ထမ်းဆောင်ရန် တောင်းဆိုလာမည်ဆိုလျှင် ထမ်းဆောင်ရန် ဆန္ဒရှိပါသလားဟု ဘီဘီစီက မေးမြန်းရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုနှစ်တွင် အငြိမ်းစားယူမည်ဆိုသည်မှာ မဟုတ်မှန်ကြောင်းနှင့် ၂၀၁၆ ခုနှစ် မှသာ မိမိအသက်  ၆၀နှစ် ပြည့်မည်ဖြစ်ကြောင်း၊ လိုအပ်ပါက မည်သည့်တာဝန်ပေးအပ်သည်ဖြစ်စေ ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags