ဆယ်စုနှစ်ကျော်စည်ပင်တိုင်းရုံးဖြစ်ခဲ့ရသည့် ဦးမြတ်လေးပန်းခြံကို ကလေးအားကစားကွင်းအဖြစ် ပြန်လည်ဖွင့်လှစ်

ဆယ်စုနှစ်ကျော်စည်ပင်တိုင်းရုံးဖြစ်ခဲ့ရသည့် ဦးမြတ်လေးပန်းခြံကို ကလေးအားကစားကွင်းအဖြစ် ပြန်လည်ဖွင့်လှစ်
ဦးမြတ်လေးပန်းခြံ ကလေးကစားကွင်းဖွင့်ပွဲကို တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်လာရောက်စဉ်။ ဓာတ်ပုံ- ဇော်နီ

မြိတ်၊ ဇန်နဝါရီ-၈ ။             ။ ဆယ်စုနှစ်တစ်ခုကျော်ကြာ စည်ပင်တိုင်းရုံးဖြစ်ခဲ့ရသည့် မြိတ်မြို့ရှိ ဦးမြတ်လေးပန်းခြံကို ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ကလေးအား ကစားကွင်းအဖြစ် ဇန်နဝါရီလ(၇)ရက်က ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ယခင်က ဦးမြတ်လေးပန်းခြံသည် ပြည်သူပိုင်ပန်းခြံတစ်ခုဖြစ်ခဲ့ပြီး မြေဧရိယာ (၂.၃၉)ဧကရှိခဲ့ သော်လည်း ယခု ပြန်လည်ဖွင့်လှစ်လိုက်သည့် မြေနေရာမှာ (၀.၅)ဧက အလျား(၁၈၅)ပေ၊ အနံ (၁၁၀) ပေအဖြစ်သာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

ယခုပြန်လည်ဖွင့်လှစ်ခဲ့ရသည့် ကလေးကစားကွင်းပန်းခြံမြေနေရာများကို ရှေးယခင်က ရှိခဲ့သည့်အနေအထားအတိုင်း ထပ်မံ၍ ချဲ့ နိုင်သမျှ ချဲ့ ပြီး ပြန်လည်စိစစ်ဆောင်ရွက်သင့်ကြောင်း မြိတ်မြိ့ု စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးအစိုးရကို အကြံပြုချင်သည်ဟုဆိုသည်။

ယခင်ဦးမြတ်လေးပန်းခြံမြေနေရာ၌ ဦးမြတ်လေးရုပ်ထုရှိခဲ့ပြီး ပန်းခြံသိမ်းစဉ်ကာလကတည်းက ဖျက်စီးခြင်းခံလိုက်ရသည့်အပြင်၊ အဆိုပါပန်းခြံမြေနေရာ၌ စည်ပင်သာယာရေးရုံး အဆောက်အအုံ တစ်ခုရှိနေသေးသည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

“ပန်းခြံဧရိယာထဲမှာရှိနေသေးတဲ့ ရုံးကိုလည်​း အများပြည်သူပိုင် အဖြစ် ပြန်ပေး​စေချင်ပါတယ်။ ကလေးသူငယ် စင်တာတစ်ခုအနေနဲ့လည်း အသုံးပြုချင်ပြုလို့ရပါတယ်” ဟု မြိတ်မြိ့ုနယ် စည်ပင်သာယာရေးကော်မတီ၏ သဘောထားကို ဦးမြတ်ကိုက ပြောသည်။

သို့သော်လည်း လက်ရှိတွင် ကလေးကစားကွင်းအဖြစ် ကလေးအားကစားပစ္စည်း(၁၁)မျိုး၊ လူကြီးအားကစား ပစ္စည်း(၄)မျိုး စုစုပေါင်းအားကစားပစ္စည်း (၁၅)မျိုးဖြင့် ဇန်နဝါရီ (၇)ရက်မှ စတင်၍ နေ့စဉ် နံနက်(၇)နာရီမှ ည(၇)နာရီအထိ ဖွင့်လှစ်ပေးလျက်ရှိပြီဖြစ်သည်။

ပန်းခြံဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly