ထူးထူးခြားခြား ကေဘာတော့စ် ဆိုတဲ့ အားကစား

08 January 2017
ထူးထူးခြားခြား ကေဘာတော့စ် ဆိုတဲ့ အားကစား

ဒီတစ်ပတ်မှာတော့ ကေဘာတော့စ် ပြိုင်ပွဲအကြောင်းကို ပြောပြပေးမှာပါ။ ဘယ်လိုပြိုင်ပွဲလဲဆိုတာကို ကျွန်တော်တို့အရင်ကြည့်လိုက်ကြရအောင်ပါ။

ကေဘာတော့စ်ဆိုတာက စကော့တလန်ရိုးရာအားကစားနည်းတစ်ခုဖြစ်ပြီး လေးလံတဲ့သစ်တုံးရှည်ကြီးတွေကို ပစ်မြှောက်ရတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ စကော့တလန်မှာ ထင်းရှူးပင်ကိုအသုံးပြုလေ့ရှိပြီး ၁၉ ပေ ၆ လက်မအရှည်နဲ့ အလေးချိန်က ၁၇၅ ပေါင်ရှိပါတယ်။ အဲဒီပြိုင်ပွဲကို ပုံမှန်အားဖြင့် စကော့တလန်ကုန်းမြင့်ဒေသအားကစားပွဲတွေမှာ ကျင်းပလေ့ရှိပါတယ်။

ကျဉ်းမြောင်းတဲ့လျှိုမြောင်တွေကို ကျော်ဖြတ်ဖို့ သစ်တုံးတွေမပြီးတံတားလုပ်ခဲ့ရာက ဒါမှမဟုတ် သစ်ခုတ်သမားအချင်းချင်း အပြိုင်အဆိုင်လုပ်ကြရာကနေစပြီး ပြိုင်ပွဲအသွင်ဖွံ့ဖြိုးလာခဲ့တယ်လို့ အဆိုရှိပါတယ်။ သုံးမိနစ်အတွင်း အကြိမ်အများဆုံး ပစ်မြှောက်နိုင်သူအဖြစ်စံချိန်တင်ထားသူတွေကတော့ ကနေဒါနိုင်ငံသားတွေဖြစ်တဲ့ ကီဗင်ဖက်စ်နဲ့ ဝါရန်ထရက်စ်တို့ပါ။ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၆ ရက်နေ့က ကနေဒါနိုင်ငံအွန်တေရီယိုမှာကျင်းပတဲ့ Trenton Irish Scottish festival မှာ ၁၁ ကြိမ်စီ အောင်မြင်အောင် ပစ်မြှောက်နိုင်ခဲ့ကြတာဖြစ်ပါတယ်။

ပြိုင်ပွဲရဲ့ ဦးတည်ချက်က ပစ်မြှောက်သူရဲ့ အဝေးမှာ သစ်တုံးက တစ်ပတ်လည်ပြီး ကျသွားဖို့ပဲဖြစ်ပါတယ်။ ဘယ်လောက်ဝေးဝေး ရောက်အောင်ပစ်နိုင်လဲဆိုတာက အဓိကမကျပါဘူး။ အောင်မြင်မှုရဖို့ အလေးချိန်နဲ့ ခွန်အားမရှိမဖြစ်လိုအပ်သလို နည်းစနစ်က လည်း အရေးကြီးပါတယ်။ သစ်တုံးကိုဒေါင်လိုက်မချိန်မှာ ဟန်ချက်ညီဖို့ အောင်မြင်အောင် ပစ်မြှောက်နိုင်ဖို့ဆိုတာ နည်းစနစ်ပိုင်း ကျွမ်းကျင်ဖို့လိုပါတယ်။

အမှတ်ပေးပုံက ပစ်သူရဲ့ရှေ့ကိုတစ်ပတ်လည်ပြီးကျသွားရင် အမှတ်အမြင့်ဆုံးရပါတယ်။ သစ်တုံးကဟိုဘက်ဒီဘက်လည်သွား ပေမယ့် ပစ်သူဘက်ကိုပြန်ကျရင်တော့ အမှတ်နည်းမှာပါ။ ဒီအားကစားနည်းဟာ အိုလံပစ်အားကစားနည်းတစ်ခုမဟုတ်ပေမယ့် ရှေးကျတဲ့အားကစားနည်းတစ်ခုတော့ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly