စနစ်သစ်ဖြင့် ယာဉ်လိုင်းများ စတင်ပြေးဆွဲရာတွင် မှတ်ပုံမတင်ဘဲ ပြေးဆွဲပါက အောက်ဆိုက်ကားအဖြစ် သတ်မှတ် အရေးယူမည်

စနစ်သစ်ဖြင့် ယာဉ်လိုင်းများ စတင်ပြေးဆွဲရာတွင် မှတ်ပုံမတင်ဘဲ ပြေးဆွဲပါက အောက်ဆိုက်ကားအဖြစ် သတ်မှတ် အရေးယူမည်
ရန်ကုန်မြို့ ဆူးလေမီးပွိုင့်တွင် လမ်းစည်းကမ်းမလိုက်နာသူများအား စည်းကမ်းထိမ်းသိန်းရေးအဖွဲ့မှ အရေးယူနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - မဇ္ဈိမ

ရန်ကုန်၊ ဇန်နဝါရီလ ရ ။                    ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပိုင်သယ်ယူပို့ဆောင်ရေး စနစ်သစ်ဖြင့် ယာဉ်လိုင်းများကို မကြာမီ ပြေးဆွဲတော့မည်ဖြစ်ရာ ထိုသို့ပြေးဆွဲရာတွင် မှတ်ပုံတင်ထားခြင်းမရှိဘဲ ပြေးဆွဲသော ယာဉ်များကို အောက်ဆိုက်ကား အဖြစ်သတ်မှတ်အရေးယူသွားမည်ဟု လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

လာမည့် ဇန်နဝါရီလ ၁၅ ရက်နေ့ ညတွင် မ.ထ.သ ယာဉ်လိုင်းအပါအဝင် ယာဉ်လိုင်းပေါင်း ၃ဝဝ ကျော်ကို ဖျက် သိမ်း၍ အများပိုင်သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းစနစ်သစ်ကို ဇန်နဝါရီလ ၁၆ ရက်မှ စတင်ကာ ယာဉ်လိုင်းပေါင်း ၅၈ လိုင်းဖြင့် စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

"အရင်ကလည်း ဒီလိုမျိုး မ.ထ.သ မှာသော်လည်းကောင်း၊ မ.ထ.သ ဗဟိုရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ယာဉ်လိုင်းတွေမှာသော်လည်းကောင်း၊ မှတ်ပုံမတင်ဘဲ ပြေးဆွဲတဲ့ ကားတွေသည်   အောက်ဆိုက်ကား၊ ကြားကားသာ ဖြစ်ပါတယ်။ တရားမဝင်ပါဘူး။ အခုလည်း ကျွန်မတို့ဆီမှာက လာပြီးမှတ်ပုံမတင်ဘဲ ပြေးဆွဲရင် အောက်ဆိုက်ကားအဖြစ်သတ်မှတ်ပြီး အရေးယူပါမယ်လို့ ရှင်းရှင်းလင်းလင်း ပြောကြားလိုပါတယ်။ "ဟု ဒေါ်နီလာကျော်က ပြောသည်။

အများပိုင်သယ်ယူ ပို့ဆောင်ရေး စနစ်သစ်ဖြင့် စတင်ပြေးဆွဲတော့မည့်အကြောင်းကို ဇန်နဝါရီလ ၆ ရက် ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီပေါင်း ၂ဝ ခန့်ရှိကြောင်း၊ အဆိုပါ စနစ်သစ် ယာဉ်လိုင်းပြေးဆွဲမှုတွင် ပါဝင်လိုသည့် ယာဉ်လိုင်းများအနေဖြင့် ဇန်နဝါရီလ ရ ရက်မှ စတင်ကာ ၁ဝ ရက် နောက်ဆုံးထားပြီး တောင်ဥက္ကလာပမြို့နယ်၊ ဗြဟ္မစိုရ်လမ်းရှိ ရန်ကုန်အရှေ့ပိုင်းခရိုင် စုပေါင်းရုံးတွင် လာရောက် မှတ်ပုံတင်နိုင်ကြောင်း သိရသည်။

လာရောက်မှတ်ပုံတင်ရာတွင် ယာဉ်အမျိုးအစား၊ ယာဉ် အခြေအနေအလိုက် လက်ခံပေးသွားမည်ဖြစ်ကြောင်း၊ သို့သော် ၁၉၉၅ ခုနှစ်အောက် မော်ဒယ်ဖြစ်သည့် စီးတီးဘတ်စ်၊ မီနီဘတ်စ်၊ ဘီအမ်ကား၊ ဒိုင်နာကား စသည့်ဖြင့် ၁၉၉၅ ခုနှစ်အောက် မော်ဒယ် ယာဉ်မှန်သမျှ ဆက်လက်ပြေးဆွဲခွင့် ပြုမည်တော့မဟုတ်ကြောင်း သိရသည်။

"အဲ့ဒီ ၁၉၉၅ ခုနှစ်အောက် မော်ဒယ်ဖြစ်တဲ့ ကားတွေ အားလုံးကိုတော့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှာ လာရောက်အပ်နှံနိုင်ပါတယ်။ အဲ့ဒီလို လာရောက် အပ်နှံတဲ့ အခါမှာ လူစီးစလစ်တွေ ထုတ်ပေးနေပါတယ်။ ဒီလိုထုတ်ပေးနေတာ အစီးပေါင်း ၅ဝဝ ကျော် ရှိသွားပါပြီ။" ဟု ဒေါ်နီလာကျော်က ပြောပြသည်။

ရန်ကုန်မြို့တွင် နေ့စဉ် လိုင်းကားများ စီးနင်းသွားလာနေသော ခရီးသည်မှာ ခန့်မှန်းခြေ သိန်း ၂ဝ ဝန်း ကျင် ခန့်ရှိ ကြောင်း၊ ယာဉ်ကျောပိတ်ဆို့မှုမှာလည်း ဂျပန်နိုင်ငံမှ ပညာရှင်များ လေ့လာချက်အရ ကားလမ်းမများတွင် လိုင်းကားများ နေရာယူထားမှုမှာ ၃ဝ ရာခိုင်နှုန်းသာ ရှိပြီး ကျန်သည့် ရဝ ရာခိုင်နှုန်းမှာ အခြားယာဉ်များ နေရာ ယူ ထားခြင်းဖြစ်ကြောင်း၊ သို့သော် အဆိုပါ လိုင်းကားများကို စီးနင်းနေသည့် လူဦးရေမှာ ၈ဝ ရာခိုင်နှုန်းခန့်ထိရှိကြောင်း ဒေါ်နီလာကျော်က ပြောပြချက်အရသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly