ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းများတွင် သြဂုတ်လမှ စတင်၍ ဆန်ရိက္ခာ လျော့ချမည်

ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းများတွင် သြဂုတ်လမှ စတင်၍ ဆန်ရိက္ခာ လျော့ချမည်
ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတခုကို တွေ့ရစဉ်။ (ဓာတ်ပုံ-TBC)
 

ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် လာမည့် သြဂုတ်လမှစတင်၍ ဆန်ရိက္ခာလျော့ချ၍ ထောက်ပံ့ တော့မည် ဖြစ်ကြောင်း မယ်လဒုက္ခသည်စခန်း၊  ကရင်ဒုက္ခသည်ကော်မတီမှ တာဝန်ရှိသူများက ပြောသည်။

နယ်စပ်တစ်လျှောက် ကယ်ဆယ်စောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBC)၏ အလှူငွေ လက်ခံရရှိမှု လျော့နည်းသွားသဖြင့် ဒုက္ခသည်များအား ဆန်ထောက်ပံ့မှု လျော့ချရခြင်း ဖြစ်သည်ဟု မယ်လဒုက္ခသည်စခန်းမှ ကရင်ဒုက္ခသည်ကော်မတီ ဥက္ကဋ္ဌ ဆရာအောနက်က ပြောသည်။

၎င်းက “အလှူရှင်တွေရဲ့ အခက်အခဲတွေကြောင့်ဘဲ။ အလှူငွေလျော့လာလို့ ဖြစ်တယ်။ စခန်းတိုင်း တပုံစံထဲဘဲ ပြန်ပေးမယ်။ ဥပမာ မယ်လစခန်းမှာက လေးစုတစုခွဲထားတယ်၊ အခက်အခဲတော့ ရှိတော့ ရှိမှာပေါ့။ အခုအချိန်က အပြင်ထွက်ဖို့ အခွင့်အရေးမရှိ၊ အပြင်ထွက် အလုပ်လုပ်ဖို့လည်း မရှိတော့ တင်ပြတာတော့ရှိတယ်”ဟု  မဇ္ဈိမကို ပြောသည်။

ဒုက္ခသည်စခန်း ကိုး ခုမှ ဒုက္ခသည်များ အားလုံး ဆန်ထောက်ပံ့မှုကို တစ်ဦးလျှင် ပျမ်းမျှ ၉ ကီလိုထောက်ပံ့ရန် သတ်မှတ်လိုက်ပြီး အဆင့်လေးဆင့် သတ်မှတ်လိုက်သည်ဟု ၎င်းက ပြောသည်။ ယခင်ကမူ တစ်ဦးလျှင် ပျမ်းမျှ ၁၃ကီလို ထောက်ပံ့ခြင်းဖြစ်သည်။

ယင်းအဆင့်ထဲမှ ပထမအဆင့်တွင် အဆင်းရဲဆုံးနှင့် မသန်မစွမ်းဖြစ်သော လူများကို ပုံမှန် ၁၃.၅ ကီလို ပေးထားပြီး လျော့ချခြင်း မရှိသလို၊ ၅ နှစ်မှ ၁၇ နှစ် ကလေးများကိုလည်း ၁၃.၅ ကီလိုပေးထားပြီး ၅ နှစ်အောက်ကလေးများကို ၇ ကီလို ထောက်ပံ့ပေးနေသည်ဟု ၎င်းက ပြောသည်။

ဒုတိယအဆင့် ဝင်ငွေနည်းပါးသော အိမ်ထောင်စုတွင် လူကြီးနှင့် ၅ နှစ်မှ ၁၇ နှစ်အတွင်းက ကလေးများကို ၁၁ ကီလို၊ ၅ နှစ်အောက်ကလေးများကို ၆ ကီလို ထောက်ပံ့ရန် သတ်မှတ်ထားသည်ဟု သိရသည်။

တတိယအဆင့် ပုံမှန် ဝင်ငွေရှိသူ မိသားစုမှ လူကြီးကို ၉ ကီလို၊  ၅ နှစ်အထက် ၁၇ နှစ် ကလေးများကို ၁၁ ကီလို၊ ၅ နှစ်အောက် ကလေးများကို  ၆ ကီလို သတ်မှတ်ကာ စတုတ္ထအဆင့် မိမိကိုယ်တိုင် ရပ်တည်နိုင်ပြီး ဝင်ငွေရှိသူ၊ ဈေးရောင်းသူ လူကြီးကို ထောက်ပံ့မှု မရှိတော့ဘဲ ၅ နှစ်မှ ၁၇ နှစ်အတွင်းရှိ ကလေးများအတွက် ၁၁ ကီလိုနှင့် ၅ နှစ်အောက် ကလေးများကို ၆ ကီလို ထောက်ပံ့ရန် သတ်မှတ်ထားသည်ဟု သိရသည်။

အလားတူ ပုံမှန်ထောက်ပံ့ပေးနေသော မီးသွေးကိုလည်း မိသားစုတစ်စုမှ အုပ်ထိန်းသူကို တစ်ဦးလျှင် ၂၀ ကီလိုပေးရာမှ ၅ ကီလိုလျော့ချလိုက်ပြီး လာမည့် သြဂုတ်လမှစ၍ ၁၅ ကီလိုသာ ရရှိတော့မည် ဖြစ်ကြောင်း စခန်းများမှ သိရသည်။

လက်ရှိ စစ်ပြေးဒုက္ခသည်များကို ဆန်၊ မီးသွေး၊ ကုလားပဲ၊ ဆီ၊ ငါးပိ၊ ဆားတို့ကို ထောက်ပံ့ပေးနေခြင်း ဖြစ်သည်။  

နယ်စပ်တစ်လျှောက် ကယ်ဆယ်စောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBC) ၏ ထောက်ပံ့သည့် အလှူငွေ လက်ခံရရှိမှု လျော့နည်းလာသဖြင့် ရိက္ခာများ လျော့ချထောက်ပံ့ရန် ပြီးခဲ့သည့် မတ်လကတည်းက ဆုံးဖြတ်ထားပြီး ဖြစ်သည်ဟု ကရင်ဒုက္ခသည်ကော်မတီ၏ တွဲဘက်အတွင်းရေးမှူး နော်ဘလူးမင်းနိုက်ဇန်က ပြောသည်။

၎င်းးက “ နိုင်ငံတကာရဲ့ economic crises တို့ Weather Change အဲဒီကိစ္စတွေနဲ့ပတ်သက်လို့ ငွေကြေးတွေက ဟိုသွားဒီလာများနေတဲ့ အခါကြတော့ ဒီဘက်မှာ ကူညီထောက်ပံ့တဲ့ငွေတွေ လျော့လာတာပေါ့နော်။ အဲဒီအပေါ်မှာ ပြီးခဲ့တဲ့ မတ်လလောက်ကတည်းက တီဘီစီက ကျွန်မတို့ ကော်မတီမှာ ဆွေးနွေးခဲ့တာ။ ပြီးတော့လိုအပ်တဲ့ငွေကို ရှာလို့ မရတဲ့အချိန်မှာ ဒီမှာ ရှိနေတဲ့ ရိက္ခာတွေကို အချိုးကျပြန်ပြီးတော့ စိစစ်လိုက်တယ်”ဟု မဇ္ဈိမကို ပြောသည်။

ထို့ပြင် ရှိပြီးသား ရန်ပုံငွေများ ထွက်ပေါ်လာရန်အတွက် ဒုက္ခသည်စခန်းအတွင်းရှိ တစ်ချို့ ကော်မတီများကိုလည်း  ရုပ်သိမ်းလိုက်ကာ ဒုက္ခသည်စခန်းရှိ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပိုမို အကောင်အထည်ဖော်ရန် TBC က တွန်းအားပေး မှုများရှိပြီး လိုအပ်သည် ဝင်ငွေများကို ပြန်လည် ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု မျော်လင့်ထားသည်ဟုလည်း ၎င်းက ပြောသည်။

လက်ရှိ မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးခြင်း မရှိသေးသလို၊ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် အပစ်အခတ် ရပ်စဲရေး မလုပ်မီ အာမခံချက် မရှိသေးခြင်း၊ လုံခြုံမှု မရှိသေးခြင်းနှင့် နေထိုင်ရာ နေရာ အတည်တကျ မရှိသေးသဖြင့် ဒုက္ခသည်များ နေရပ်ပြန်နိုင်မည့် အခြေအနေ မရှိသေးဟု ကရင်ဒုက္ခသည်ကော်မတီက သဘောထားချမှတ်ထားသည်ဟု ၎င်းက ပြောသည်။  

ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် ဒုက္ခသည်စခန်း ကိုး ခုရှိပြီး လူဦးရေ ၁ သိန်းကျော် ခိုလှုံနေခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly