ထမင်းမြိန်ပြီး တာရှည်အထားခံတဲ့ မကျီးသီးစိမ်းပုဇွန်ကြော်

ထမင်းမြိန်ပြီး တာရှည်အထားခံတဲ့ မကျီးသီးစိမ်းပုဇွန်ကြော်

မင်္ဂလာပါ…………….။

ဒီတပတ်အတွက်ကတော့ မကျီးသီးစိမ်းပုဇွန်ကြော်လေး ကြော်စားကြရအောင်။ ချဉ်ငံစပ် အရသာ ပြည်စုံလို့ ထမင်းမြိန်မယ့် ဟင်းတစ်မယ်ဖြစ်တဲ့အပြင် ကြော်ထားပြီး တပတ်လောက် အထားခံလို့ ဟင်းမကြာခဏ မချက်ချင်သူတွေအတွက်လည်း မရိုးနိုင်မယ့် ဟင်းတမယ်ပါ။ စားကောင်းပေမယ့် ထုရထောင်းရလို့ လက်တော့ နည်းနည်းညောင်းမယ့် ဟင်းပါ။ ကြိတ်စက်နဲ့ ကြိတ်ရင်တော့ လူလည်းသက်သာ အချိန်လည်း မကုန်ဘူးပေါ့။ ကြိတ်စက် မရှိရင်တော့လည်း မိရိုးဖလာနည်းအတိုင်း ငရုတ်ဆုံနဲ့ပဲထောင်းကြတာပေါ့။

အရင်ဆုံးလို အပ်တာတွေကတော့
မကျီးသီးစိမ်း ၂၀သား
ပုဇွန်           ၂၀သား (အခွံအကုန်ခွာပြီး နနွင်း၊ ဆားနယ်ထားပါ)
စိမ်းစားငပိ     အနည်းငယ်
ကြက်သွန်ဖြူ  ကြက်သွန်နီ   အနည်းငယ်
အရောင်လှဖို့ အရောင်တင်မှုန့်   အနည်းငယ်
အစပ်အရသာအတွက် ငရုတ်သီးအစိမ်းမှုန့် အနည်းငယ်နဲ့
ဆီငါးကျပ်သားခန့် လိုအပ်ပါတယ်။

မကျီးသီးစိမ်းပုဇွန်ကြော်အတွက် အရင်ဆုံး ငရုတ်သီးတွေနဲ့ ကြက်သွန်ဖြူနီကို ညက်နေအောင်ထောင်းပါ။

ပြီးရင်လည်း ဆက်ပြီးညောင်းဖို့ မကျီးသီးစိမ်းနုနုလေးတွေကို အပေါ်ယံ အခွံခြစ်ပစ်ပြီး ညက်နေအောင်ထောင်းပါ။ မကျီးသီးစိမ်း ညက်ပြီဆိုရင်တော့ ပုဇွန်တစ်ဝက်ကို ထပ်ထည့်ထောင်းပါ။ ပုဇွန်လည်း ညက်ပြီး စီးပိုင်လာရင် ရပါပြီ။

ကဲအခု ထုထောင်းပြီးရင် ကြော်တဲ့ ချက်တဲ့ဆီ သွားရအောင်………………..
ဆီကို ပူနေအောင် တည်ပြီးရင် ငရုတ်သီးကြက်သွန်ထောင်းကို ဆီသတ်ပါ။ ဆီနာနာသတ်ပြီး အရောင်ရဲလာရင် ငပိစိမ်းစားထည့်ပြီး ညက်နေအောင် ချေပါ။

ငပိ ညက်သွားပြီဆိုရင် မကျီးသီးစိမ်းထောင်းထားတာ ထည့်ပါ။ ပုဇွန်အကောင်လိုက် ချန်ထားတာ ထည့်ပါ။ ပြီးရင်တော့ အိုးမကပ်အောင်သာ မွှေပါ။

ပြီးတော့ ရေလုံးဝထည့်စရာ မလိုပါဘူး။ မီးအေးအေးနဲ့ ဆီပြန်လာအောင်ချက်ပါ။ အရသာ အပေါ့အငန်မြည်းပါ။ လိုအပ်သလို ဆား ငံပြာရည် ထည့်လို့ ရပါတယ်။ ပုံမှန်ဆို မကျီးသီးစိမ်းက အချဉ်စူးပေမယ့် ပုဇွန်ပါ ရောထောင်းထည့်ထားတော့  အချဉ် သိပ်မပြင်းတော့ပါဘူး။

မကျီးသီးစိမ်းပုဇွန်ကြော်လေး ကြော်မယ်ဆို  မီးအေးအေးနဲ့ ကြော်ဖို့နဲ့ အိုးမကပ်ဖို့ သတိပြု ရမှာပါ။
ဆီပြန်လာပြီဆို အနံ့လေးကမွှေးပြီး စားချင်စိတ်ကို နှိုးဆွပေးမယ့် မကျီးသီးစိမ်းပုဇွန်ကြော်လေး ရပါပြီ။ ခံတွင်းပျက်နေသူတွေတောင် ထမင်းနှစ်ပန်းကန်လောက် စားတဲ့ မကျီးသီးစိမ်းပုဇွန်ကြော်လေးကို ဒီတပတ် ပိတ်ရက်မှာ ကြော်စားကြည့်ကြပါလို့။ မကျီးသီးစိမ်းပုဇွန်ကြော်လေးက တာရှည်အထားခံလို့ ရုံးသွား ကျောင်းသွား ထမင်းဘူးထုတ်တက်တဲ့ သူတွေ အတွက်လည်း တကယ်ကို ထမင်းလည်းမြိန်  အလုပ်ရှုပ်လည်းသက်သာစေတဲ့ ဟင်းတမယ်ပါ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly