စနစ်သစ်ဖြင့် ပြေးဆွဲမည့် ဘတ်စ်ကားများတွင် ခရီးသည်နည်းသည့် နံနက်အစောပိုင်း၌ ကုန်တင်ခွင့်ပြုမည်

စနစ်သစ်ဖြင့် ပြေးဆွဲမည့် ဘတ်စ်ကားများတွင် ခရီးသည်နည်းသည့် နံနက်အစောပိုင်း၌ ကုန်တင်ခွင့်ပြုမည်
ဓာတ်ပုံ - မဇ္ဈိမ

ရန်ကုန်၊ ဒီဇင်ဘာလ ရ ။             ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း မကြာမီ အများပိုင်သယ်ယူပို့ဆောင်ရေး စနစ်သစ်ဖြင့် စတင်ပြေးဆွဲမည့် ဘတ်စ်ကားများတွင် ကုန်ပစ္စည်း သယ်ယူရန် အစီအစဉ် မပါဝင်သော်လည်း နံနက်ပိုင်း ပြည်သူလူထု စီးနင်းမှု နည်းသည့်အချိန်တွင် လတ်တလော ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ခွင့်ပြုပေးရသည့်အကြောင်းရင်းမှာ အခြေခံရောင်းချနေသော စျေးသည်များအနေဖြင့် ကားတစ်စီးလုံးငှားရန် အဆင်မပြေနိုင်သည့် အတွက် ယခင်အတိုင်း နံနက်ခင်း လူစီးနည်းပါးချိန်တွင် လတ်တလော ခွင့်ပြုပေးရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အများပိုင်သယ်ယူပို့ဆောင်ရေးစနစ်သစ်ဖြင့် ယာဉ်လိုင်းများ စတင်ပြေးဆွဲသွားမည့် အကြောင်းရင်းနှင့် ပတ်သက်၍ ဇန်နဝါရီလ ၆ ရက် ညနေ ၆ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများမေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

"ဒါပေမယ့် ဒီအတွက် သီးခြားကြီးတော့ အများပြည်သူ ဘတ်စ်ကားလိုင်းတွေဟာ တည်ဆောက်ထားတာ မဟုတ်ပါဘူး။ ဘတ်စ်ကားလိုင်းတွေကတော့ ပြည်သူလူထုကို သယ်ယူပို့ဆောင်ရေး သက်သက်ပဲဖြစ်ပါတယ်။ ကုန်သယ်ယူဖို့ကတော့ မပါပါဘူး။ မူဘောင်အရပြောမယ်ဆိုရင်တော့ ဒီအခြေအနေတွေအတွက် ယာဉ်လိုင်းတွေကို ထူထောင်ထားတာ မဟုတ်ဘူးဆိုတာကိုတော့ အသိပေးလိုပါတယ်။"ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အသိပေးပြောကြားခဲ့သည်။

လာမည့် ဇန်နဝါရီလ ၁၅ ရက် ညတွင် မ.ထ.သ ယာဉ်လိုင်းအပါအဝင် ယာဉ်လိုင်းပေါင်း ၃ဝဝ ကျော်ကို ဖျက်သိမ်း၍ အများပိုင်သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းစနစ်သစ်ဖြင့် ဇန်နဝါရီလ ၁၆ ရက်မှ စတင်ကာ ယာဉ်လိုင်းပေါင်း ၅၈ လိုင်းဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ယာဉ်လိုင်းသစ်များပြေးဆွဲရာတွင် ယာဉ်စီးခများကို ခရီးစဉ် အပိုင်းအခြားအလိုက် ၁ဝဝ ကျပ်မှ ၃ဝဝ ကျပ် အတွင်း ကောက်ခံသွားမည် ဖြစ်ကြောင်းလည်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly