ဝန်ကြီးချုပ် မော်တော်ယာဉ်ကို ဝင်တိုက်သည့် ယာဉ်မောင်းများအား အမှုဖွင့်

ဝန်ကြီးချုပ် မော်တော်ယာဉ်ကို ဝင်တိုက်သည့် ယာဉ်မောင်းများအား အမှုဖွင့်
ယာဉ်မတော်တဆမှုဖြစ်ပြီးနောက် ရန်ကုန်ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ရောက်ရှိလာစဉ်(ဓာတ်ပုံ- သူရ/မဇ္ဈိမ)

ပုသိမ်(ဇန်နဝါရီ ၆ရက်၊ ၂၀၁၇ခုနှစ်)။ ။ နေပြည်တော်သို့ အစည်းအဝေးတက်ရောက်ရန် ထွက်ခွာလာသော ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီ စီးနင်းလာသည့် မော်တော်ယာဉ်အား ဇန်နဝါရီ ၆ရက်၊ ညနေပိုင်းက ဝင်တိုက်ခဲ့သည့် ယာဉ်မောင်း(၂)ဦးအား အမှုဖွင့်ထားကြောင်း သိရသည်။

နေပြည်တော်သို့ ထွက်ခွာလာသည့် ဝန်ကြီးချုပ်၏ မော်တော်ယာဉ်အား ပုသိမ်- ရန်ကုန်ကားလမ်း၊ ညောင်တုန်းမြို့နယ်အတွင်းရှိ မိုင်တိုင်အမှတ် ၂၃မိုင်၊ ၄ဖာလုံနှင့် ၅ဖာလုံအကြားတွင် အခြားတဖက်ယာဉ်ကြောမှ မောင်းနှင်းလာသည့် Passo မော်တော်ယာဉ်က ညနေ ၅နာရီကျော်အချိန်တွင် ဝင်တိုက်ခဲ့ရာမှ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဖြစ်ပုံမှာ တဖက်ယာဉ်ကြောမှ မောင်းနှင်လာသည့် Passo မော်တော်ယာဉ်သည် ကုန်တင်ကားတစ်စီးအား ကျော်တက်ခဲ့ကြောင်း၊ အလားတူပင် ရန်ကုန်-ဇလွန် ပြေးဆွဲနေသည့် ရွှေတော်ဝင် ခရီးသည်တင်ယာဉ်ကလည်း အဆိုပါ ကုန်တင်ကားကိုပင် ထပ်မံကျော်တက်ခဲ့ရာတွင် Passo မော်တော်ယာဉ်ကို ဝင်တိုက်ခဲ့ရာ Passo မော်တော်ယာဉ်မှာ ဝန်ကြီးချုပ် စီးနင်းလာသည့် ယာဉ်အား တိုက်မိခြင်းဖြစ်ကြောင်း ညောင်တုန်းမြို့နယ်မှ ဧရာဝတီတိုင်းလွှတ်တော်အမတ် ဦးကျော်ဆန်းက မဇ္ဈိမကို ပြောသည်။

“ဝန်ကြီးချုပ် ယာဉ်တန်းက ပုသိမ်ကနေ ရန်ကုန်ဘက် မောင်းလာတယ်။ တဖက်ယာဉ်ကြောမှာ ကုန်ကားကို ကျော်တက်ပြီး ရွှေတော်ဝင် ခရီးသည်တင်ကားက သူ့ရှေ့က Passo ကားနောက်ကို ဝင်တိုက်လိုက်ပြီး တဘက်ယာဉ်ကြောက ဝန်ကြီးချုပ်ကားကို တိုက်လိုက်မိတာပါ။ ရွှေတော်ဝင်ကားက လမ်းဘေးဓာတ်တိုင် တိုက်မိတယ်” ဟု ဦးကျော်ဆန်းက ပြောပြသည်။

ယာဉ််မတော်တဆမှုကြောင့် ဝန်ကြီးချုပ် မန်းဂျော်နီသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက် ရှိနေပြီး စိုးရိမ်စရာအခြေအနေမရှိကြောင်း ၎င်း၏ သားဖြစ်သူ ဦးဇာနည်မောင်က ပြောသည်။ ယခင်က ဒဏ်ရာရရှိခဲ့ဖူးသည့် လက်ကိုသာ ပြန််လည်ထိခိုက်မိကြောင်းလည်း ဦးဇာနည်မောင်က ဆိုသည်။

ယာဉ်မတော်တဆမှုကြောင့် ရွှေတော်ဝင်မော်တော်ယာဉ်မှ ယာဉ်မောင်းနှင့် Passo မော်တော်ယာဉ်မှ ယာဉ်မောင်းတို့အား ယာဉ်(ပ)၂/၂၀၁၇ဖြင့် ပုဒ်မ ၃၃၈၊ ၃၃၇၊ ၂၇၉၊ ၂၀၂ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly