အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အတွက် ထူးခြားတဲ့နှစ်လို့ပြောတဲ့ ဆရာ စံဇာဏီဘိုရဲ့ ၂၀၁၇ အလားအလာ

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အတွက် ထူးခြားတဲ့နှစ်လို့ပြောတဲ့ ဆရာ စံဇာဏီဘိုရဲ့ ၂၀၁၇ အလားအလာ

ရန်ကုန်၊ ဇန်နဝါရီ ၆ ။            ။ ဆရာ စံဇာဏီဘိုနဲ့တွေ့ဆုံပြီး ၂၀၁၇ ခုနှစ်အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေအပြင် ပဋိပက္ခတွေ၊ နိုင်ငံရေးအနေအထား၊ စစ်ပွဲ၊ ငြိမ်းချမ်းရေး နဲ့ မီဒီယာသမားတွေ အန္တရာယ်ကြံုရနိုင်တာတွေ သူက သုံးသပ်ခဲ့ပါတယ်။

မေး။      ။ ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေ အရင်ပြောပြပေးပါ။

ဖြေ။       ။ ၂၀၁၇ ခုနှစ်ဟာ ၂၀၁၅၊၂၀၁၆ တို့ထက်တော့ပိုပြီး ကောင်းမွန်သာလွန်တဲ့အခွင့်အရေးနဲ့ အေးချမ်းမှုအဆင်ပြေမှုတွေရနိုင်တဲ့ နှစ်တစ်ခု ဖြစ်တယ်။ ငွေရေးကြေးရေးကဏ္ဍ၊  လုပ်ငန်းစီးပွားကဏ္ဍတွေမှာ တစ်ဦးချင်းရဲ့သုံးစွဲနိုင်စွမ်းအနေအထားကတော့ ပြီးခဲ့တဲ့နှစ်တွေထက် လျော့ကျသွားနိုင်တယ်။ စီးပွားရေးအနေအထား ဖွံ့ဖြိုးမှုလမ်းကြောင်းတွေလည်း အေးတယ်။ သိပ်ပြီးတော့ အရောင်းအဝယ်အကြီးစားကြီးတော့ မဟုတ်ပေမယ့် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ အနေအထားပိုင်းကတော့ အားကောင်းလာစရာအကြောင်းရှိတယ်။ မြန်မာပြည်ရဲ့ အနေအထားပိုင်းမှာ ဒီလာမယ့်တစ်နှစ်တာအတွင်းမှာတော့ အပြောင်းအလဲဖြစ်ရပ် သုံးနေရာရှိတယ်။ တိုင်းပြည်မှာ မငြိမ်မသက်ဖြစ်နိုင်တဲ့ကာလ သုံးခုရှိနိုင်တယ်။အပြောင်းအလဲဖြစ်ရပ်တွေက ၂၀၁၇ခုနှစ်၊ ဇန်နဝါရီ ၁၅ရက်ကနေ တစ်လအတွင်းမှာ တစ်ကြိမ်၊ စက်တင်ဘာလ ၁၇ ရက်ကနေ တစ်လအတွင်း တစ်ကြိမ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ကနေ တစ်လတာကာလအတွင်းမှာတစ်ကြိမ် အဲ့ဒီကာလ သုံးခုရှိတယ်။ အဲ့ဒီကာလသုံးခုအတွင်းမှာ အုပ်ချုပ်သူအစိုးရ အစိတ်အပိုင်းတွေမှာ ပေါ်လစီအပြောင်းအလဲတွေ ရှိနိုင်တယ်။ အုပ်ချုပ်မှုလမ်းကြောင်းရဲ့အနေအထား၊ အပြောင်းအလဲလေးတွေ ရှိနိုင်တယ်။ ပြည်သူလူထုရဲ့အမြင်၊ အစိုးရအပေါ်မှာ အပြောင်းအလဲတွေ ရှိနိုင်တယ်။ နိုင်ငံရေးအသွင်မှာ အပြောထက် အလုပ်ဖက်ကို ကူးပြောင်းလာစရာအကြောင်းတွေ ရှိနိုင်တယ်။ ဒီကာလအတွင်းမှာ ပြည်တွင်းစစ်ကိုတော့  အပြည့်အဝ ငြိမ်းသတ်နိုင်ခြင်း မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၄ ရက်ကနေ ဇွန်လ ၁၈ ရက်အတွင်းမှာ တစ်ကြိမ်၊ အောက်တိုဘာလ ၁၄ ရက်နေ့ကနေ နိုဝင်ဘာလ ၁ရက်အတွင်းမှာတစ်ကြိမ်၊ ၂၀၁၇၊ နိုဝင်ဘာ ၂၅ ကနေ ဒီဇင်ဘာလ ၁၀ ရက်အတွင်းမှာ တစ်ကြိမ် အငြင်းပွားမှုနဲ့ ပဋိပက္ခတွေနဲ့ သွေးချောင်းစီးမှုတွေက မြန်မာပြည်တင် မဟုတ်ဘူး၊ တစ်ကမ္ဘာလုံးမှာရှိနေတယ်။ ကောင်းကင်မှာ ရှိနေတဲ့ ဂြိုလ်တွေအနေအထားအရ သဘာဝမှာ ရှိတဲ့ဖြစ်ရပ်တွေကို ဟောပြောတဲ့မြန်မာ့ရိုးရာ နည်းပညာတစ်ခုအရပြောခြင်းဖြစ်တယ်။ အဲ့ဒီကာလတွေမှာ စစ်မက်တွေနဲ့ပတ်သက်တဲ့ ဖြစ်ရပ်တွေ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ဖြစ်ရပ်တွေ အဲ့ဒီကာလတွေမှာ ကြံုနိုင်တယ်။ ငြိမ်းချမ်းမှုကို ဖော်ဆောင်နေတဲ့ကာလ   ဆောင်ရွက်ဆဲအကြောင်းအရာတွေမှာ အဖျက်ဖြစ်ရပ်တွေ၊ တိုက်ပွဲဖြစ်ရပ်တွေ၊ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်နိုင်တယ်။ အစွန်းရောက်ဘာသာရေးကိစ္စတွေနဲ့ပတ်သက်တဲ့ ပဋိပက္ခတွေ သွေးစွန်းမှုတွေလည်း အဲ့ဒီကာလမှာ ကမ္ဘာနဲ့အဝှမ်းဖြစ်နိုင်တယ်။ မြန်မာပြည်မှာလည်း သတိထားရမယ်။ ဒီထက်ပိုပြီး သတိရှိရမှာက နေကြတ်ခြင်း၊ လကြတ်ခြင်း နှစ်ကြိမ်စီ အသီးသီးရှိမယ်။ လကြတ်တာက ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ နေကြတ်တာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ၊ ဒါက တစ်ကြိမ်၊ နောက်လကြတ်တာ သြဂုတ်လ ၈ ရက်နေ့ ၊ နေကြတ်တာ သြဂုတ်လ ၂၂ ရက်နေ့၊ လအသီးသီးမှာ လအရင်ကြတ်တယ်၊ပြီးတော့နေကြတ်တယ်။ နေလနှစ်ခုရဲ့အနေအထား ကမ္ဘာမြေကြီးရဲ့အနေအထား အရိပ်ကျရောက်မှု သဘာဝတွေရဲ့အနေအထားကြောင့် နေကြတ်တာလကြတ်တာဖြစ်တယ်။ အဲ့အချိန်မှာ လူတွေရဲ့စိတ်က အစွန်းရောက်တဲ့ စိတ်တွေ အဲ့ရက်တွေမှာဖြစ်တတ်တဲ့အတွက် သတိထားရမယ်။ အဲ့ရက်တွေမှာ လူတို့ရဲ့ ပဋိပက္ခဖြစ်ပွားတဲ့စိတ် အရှိန်အဟုန်မြင့်မားနေတတ်တယ်။ အထူးသတိထားရမှာက ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ တစ်ကြိမ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာ ၁၇ ၀န်းကျင်အတွင်းမှာတစ်ကြိမ်၊ ပွင့်လင်းမြင်သာမှုကိုဖန်တီးနိုင်တဲ့ သတင်းမီဒီယာသမားတွေအတွက် အန္တရာယ်ရှိတယ်။ အဲ့ဒီရက်ပိုင်းတွေမှာတော့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ပြောဆိုဝေဖန်မှုတွေမှာ တစ်စုံတရာပြဿနာတက်နိုင်တဲ့ အနေအထားလေးတွေနဲ့ နိုင်ငံရေးအကျဉ်းသားဆိုတာမျိုးတွေဖြစ်စေ၊ သတ်မှတ်ထားတဲ့ နိုင်ငံရေးကိုဖော်ကျူးတဲ့သူတွေကိုဖြစ်စေ အဖမ်းအဆီးတွေ အဲ့ရက်တွေမှာများနိုင်တယ်။ ဆိုတော့ အခင်းအကျင်းကို ခြံုလိုက်ရင် ငြိမ်းချမ်းရေးဘက်ကတော့ အပြီးအပိုင် ငြိမ်းချမ်းမှုကို မျှော်လင့်လို့မရသေးဘူး။ တစ်စုံတရာအတိုင်းအတာထိတော့ ငြိမ်းချမ်းနိုင်မယ်။ ဒါပေမယ့် အပစ်အခတ်လေးတွေတော့ ရှိနေဆဲဖြစ်မယ်။

မေး။      ။ စီးပွားရေးအတိုင်းအတာနဲ့ ပညာရေး ကျန်းမာရေးအခြေအနတွေကရော ဘာတွေရှိနိုင်မလဲ။

ဖြေ။       ။ စီးပွားရေးအတိုင်းအတာမှာ စားသုံးမှု ဆန်ရေစပါးဘက်က စျေးနှုန်းလေးတွေလျော့ပါးသွားတယ်။ ဒါပေမယ့် အခြားသော သားငါးစျေး၊ အသီးအရွက်စျေးက မြင့်မားလာမယ်။ လူတွေအတွက် ထမင်းထက် ဟင်းဖိုးက ပိုပြီးတော့ခက်ခဲမယ့်နှစ်ကို ဖြတ်သန်းရမယ်။ ဒီအပြင် ခရီးသွားဝန်ဆောင်မှုနဲ့ပတ်သက်တဲ့ ခရီးလမ်းကြောင်းတွေရဲ့အနေအထားမှာ အချိန်ကုန်ခြင်း၊ ငွေကုန်ခြင်း နှစ်ကုန် ကုန်လာနိုင်တယ်။ သွားရေးလာရေးတွေမှာ အချိန်ကုန်မယ်။ ကုန်းပေါ်မှာသွားတဲ့မော်တော်ကားတွေ ကားလမ်းကြပ်တာ မဆိုနဲ့၊ လေထဲမှာသွားတဲ့လေယာဉ်ပျံတောင်မှ အချိန်မှန်မှာမဟုတ်ဘူး။ ဘာမှကိုအကြောင်းပြချက် မရှိဘဲကို နှောင့်နှေးမယ်။ ကုန်စည်စီးဆင်းမှု နှောင့်နှေးခြင်းတွေ ရှိမယ်။ စားသုံးဆီစရိတ်များမယ် မြင့်မားမယ်။ လောင်စာဆီ အခက်အခဲလေးတွေ ရှိလာနိုင်စရာအကြောင်းရှိပါတယ်။ ကျန်းမာရေးပိုင်းမှာတော့ ကြီးမားတဲ့ကပ်ရောဂါ ဘေးဆိုး အန္တရာယ်မရှိလင့်ကစား ဝေဒနာဖြစ်ပေါ်မှုလေးတွေအတွက် သတိထားရမယ်။ အပူရှိန်မြင့်မားမှုကြောင့်ဖြစ်တတ်တဲ့ ဝေဒနာတွေ ပိုများလာမယ်။ နောက် ရေရှည်စွဲကုသရတဲ့ ရောဂါမျိုးတွေက များလာမယ်။ ကုသမှုအတိုင်းအတာတွေမှာ တစ်ချို့သောရောဂါဝေဒနာတွေက စားဆေးသုံးစွဲမှုဆေးတွေဟာ လူတွေမတတ်နိုင်တဲ့အရှိန်အဟုန်အထိ ရှိနေမယ်။ ဆေးသိတယ်၊ ဆေးမဝယ်နိုင်ဘူးဆိုတဲ့ အခြေအနေဘက်ကို ရောက်တဲ့ကာလ၊ ၀ိုင်းဝန်းပံ့ပိုးလို့လည်း အခြေအနေသိပ်မပေးတဲ့ အနေအထားဘက်ကို ရောက်နိုင်တယ်။ ပညာရေးလမ်းကြောင်းအနေအထားတွေကတော့ ကောင်းပါတယ်။ ပညာတတ်တွေမှာ ဖွံ့ဖြိုးလာစရာအကြောင်းရှိတယ်။ အလုံးစုံ ခြံုကြည့်ရင်တော့ လာမယ့်အနာဂတ်ကတော့ ရုန်းကန်ရမယ်၊ လှုပ်ရှားရမယ် ၊တိုက်ပွဲဝင်ရမယ်။ ပန်းခင်းတဲ့လမ်းလိုတော့ မချောမွေ့ဘူးဗျာ၊ ဒါပေမယ့် ဆူးကြမ်းလမ်းတော့မဟုတ်ဘူး၊ ခယောင်းတောလေးတွေထဲကိုတော့ ဖြတ်သန်းရမယ့်နှစ်ကိုတော့ ကျွန်တော်တို့ ၂၀၁၇ မှာဖြတ်သန်းရမယ်လို့ ယုံကြည်တယ်။

မေး။      ။ အုပ်ချုပ်ရေးအစိုးရပိုင်းမှာအပြောင်းအလဲပိုင်းမှာ သုံးနေရာရှိတယ်ဆိုတာ ဘယ်လိုမျိုးကို ပြောတာလဲ။

ဖြေ။       ။ နံပါတ်တစ် အစိုးရပိုင်းဆိုင်ရာအပြောင်းအလဲလေးတွေအတွက်ဖြစ်ပေါ်မှုက အခု ဇန်နဝါရီလ ၁၅ ရက်ကနေစပြီး ရက် ၃၀ ရယ် ၊ စက်တင်ဘာ ၁၇ ရက်နေ့ကစပြီး ရက် ၃၀ ရယ်  ဒီဇင်ဘာ ၁၅ ရက်နေ့ကစပြီး ရက် ၃၀ ရယ် ဒီနေရာ သုံးခုပေါ့။ အဲ့နေရာသုံးခုဝန်းကျင်က သိပ်အရေးကြီးတယ်။ အဲ့ရက်ပိုင်းလေးတွေအတွင်းမှာ ပထမနေရာကတော့ အုပ်ချုပ်မှုပိုင်းဆိုင်ရာမှာ ၀န်ကြီးတွေရဲ့အဖွဲ့အစည်းတွေမှာ လျော့လာတိုးလာ၊ ညွှန်ကြားရေးမှူးချုပ် အဆင့်တွေမှာ အပြောင်းအလဲတွေ ဖြစ်တာ၊ ဌာနဖွဲ့စည်းမှုအသစ်တွေ ပေါ်တာရှိနိုင်တယ်။ ပြီးတော့ ဒီထက်မက ပြည်နယ်နဲ့တိုင်းတွေမှာ ရှိနေတဲ့အနေအထားတွေရဲ့ ၀န်ကြီးချုပ်ဝန်ကြီးအဆင့်တွေမှာလည်း အုပ်ချုပ်တဲ့လမ်းကြောင်းတွေမှာ အပြောင်းအလဲတွေ ရှိဖို့မျှော်လင့်တယ်။ ကြံုတွေ့ရနိုင်တယ်။ ပြီးတော့ အာဏာရပါတီအတွင်းမှာရှိတဲ့ ပါတီတွင်း ဗဟိုကော်မတီ ၊ ကော်မတီ အစရှိသည်တို့မှာ လူလျော့တာလူတိုးတာ ပုံသဏ္ဍာန်ပြောင်းလဲလာတာလေးတွေလည်း ရှိနိုင်တယ်။ ဒါက တခြားသောပါတီတွေရဲ့ ဖွဲ့စည်းမှုတွေအပေါ်မှာလည်း ရှိနိုင်တယ်။ ပိုပြီးတော ့ထူးခြားတာ စက်တင်ဘာ ၁၇ ကနေ တစ်လတာကာလအတွင်းက အခြေခံဥပဒေနဲ့ ပတ်သက်တဲ့အကြောင်းအချို့ပြောင်းလဲလာတာလေးတွေရှိနိုင်တယ်။ အုပ်ချုပ်မှုလမ်းကြောင်းဘက်ကို ပြောင်းလဲတဲ့ဖြစ်ရပ်တွေ ရှိလာနိုင်တယ်။ နောက် ဒီဇင်ဘာလ ၁၅ နောက်ပိုင်းမှာလည်း အပြောင်းအလဲသစ်တွေ ဖြစ်လာနိုင်တယ်။ လိုအပ်တဲ့နေရာတွေရဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်။

မေး။      ။ စစ်မက်ဖြစ်ပွားမှု များမယ်လို့ပြောထားတော့ ပြည်တွင်းငြိမ်းချမ်းရေးအခြေအနေက ဘယ်လိုရှိလာနိုင်မလဲ။

ဖြေ။       ။ ပြည်တွင်းငြိမ်းချမ်းမှုကိုတော့ သွားမယ်။ ရှိသမျှသောအဖွဲ့အစည်းအားလုံးကနေ ငြိမ်းချမ်းရေးဘက်ကို ၀ိုင်းဝန်းပြီးတော့ လက်မှတ်ရေးထိုးပြီးတော့ တို့ငြိမ်းချမ်းကြမယ်ဆိုတဲ့ အခြေအနေတော့ မရနိုင်ဘူး။ လက်နက်ကိုင်တိုက်ပွဲ ၀င်မယ်ဆိုရင် လက်နက်ကိုင်ပြီး တိုက်ပွဲဝင်မယ့်အုပ်စုတွေရဲ့ တိုက်ပွဲတွေကတော့ ရှိနေဦးမယ်လို့ ကျွန်တော်ယုံကြည်ထားတယ်။ ဗေဒင်အရ ပြောခြင်းဖြစ်တယ်။

မေး။      ။ နိုင်ငံတော်အကြီးအကဲတွေရဲ့ ကျန်းမာရေးအခြေအနေကရော ဘယ်လိုရှိလဲ။

ဖြေ။       ။ တိုင်းပြည်အုပ်ချုပ်သူတွေရဲ့ ကျန်းမာရေးအခြေအနေကတော့ ကြီးကြီးမားမားအညံ့အဆိုး ဒီနှစ်ထဲမှာ မမြင်ပါဘူး။ အဲ့လိုမမြင်တဲ့အပြင် အခုအတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အတွက်ကို ထူးခြားတဲ့နှစ်လို့ပြောချင်တယ်။ သူက ၁၉ ရက်နေ့မှာမွေးထားတယ်။အခုပြောမယ့်ဂဏန်းဗေဒင်အရ မွေးတဲ့ရက် ၁၉ ပေါင်းခြင်း ၁၀ ရတယ်။ ၂၀၁၇ ပေါင်းရင် ၁၀ ရတယ်။ အဲ့ဒါတွေကို ထပ်ပေါင်းရင် ၁ ဂဏန်းရတယ်။ ၁ ဂဏန်းသမားတွေအတွက် ကိုးနှစ်မှာ တစ်ကြိမ်ကြံုနိုင်တဲ့ မြင့်မားတဲ့အနေအထား တိုးတက်တဲ့အနေအထားနဲ့ စွမ်းအားအမြင့်ဆုံးအနေအထားကိုရတယ်။ လာမယ့်နှစ်မှာ ၂၀၁၇ မှာ  ၁ ဂဏန်းသမားတွေရဲ့ အတွေးအခေါ် အကြံအစည် ရည်ရွယ်ချက် ဆောင်ရွက်မှုတွေဟာ ပြတ်သားတယ်။ မှန်ကန်တယ်။ အတွေးအခေါ် မမှားဘူး။ ကောင်းသောဦးဆောင်နိုင်မှုကို ပေးမယ်။ ဝေဖန်မှုတွေ တိုက်ခိုက်မှုတွေ ဘယ်လိုရှိရှိ အမှန်တရားနဲ့ အမှန်ဆုံးအကြောင်းကို ဦးဆောင်နိုင်ခြင်းရှိမယ့်နှစ်တစ်နှစ် ၂၀၁၇ မှာ ထူးထူးခြားခြား ဦးဆောင်နိုင်လိမ့်မယ်။ သမိုင်းကို လှပစွာရေးသွားနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။

မေး။      ။ ဖြည့်ဆွက်ပြောချင်တာရောရှိသေးလား ခင်ဗျာ။

ဖြေ။       ။ တရားဥပဒေနဲ့ပတ်သက်တဲ့အနေအထားကတော့ မှုခင်းကျဆင်းမှု မရှိသေးဘူးနော်။ အဲ့ဒါတစ်ခုကိုတော့ ၂၀၁၇ မှာ  နည်းနည်းဂရုစိုက်ရမယ်။ ကိုယ့်ပတ်ဝန်းကျင်အတွင်း အပြန်အလှန် တစ်ယောက်နဲ့တစ်ယောက် ထိန်းသိမ်းပြီးတော့ ဒုစရိုက်မှုတွေရဲ့ ထိခိုက်မှုတွေ တိုက်ခိုက်မှုမဖြစ်အောင် ၀ိုင်းဝန်းထိန်းသိမ်းရမယ့် ကာလတစ်ခုကို ရောက်နေတယ်လို့တော့ သတိရပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly