ရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံပြင်ရေး ဆန္ဒခံယူပွဲ ပူးတွဲကျင်းပရန် ရွေးကောက်ပွဲကော်မရှင် လက်မခံ

ရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံပြင်ရေး ဆန္ဒခံယူပွဲ ပူးတွဲကျင်းပရန် ရွေးကောက်ပွဲကော်မရှင် လက်မခံ

နေပြည်တော် (မဇ္ဈိမ) ။ ။ နိုဝင်ဘာ ၈ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒခံယူပွဲအား ပူးတွဲကျင်းပရန် ဆန္ဒရှိနေသည့် သူရဦးရွှေမန်း၏ အကြောင်းကြားမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက  ဇူလိုင် ၁၆ ရက် ရက်စွဲဖြင့် အကြောင်းပြန်၍ ငြင်းဆိုလိုက်သည်။

အချိန်၊ လုပ်အားနှင့် ငွေကြေးကုန်ကျမှု သက်သာစေရန် အထွေထွေရွေးကောက်ပွဲနှင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအား ပူးတွဲကျင်းပရန် ယခုလဆန်းပိုင်းက သူရဦးရွှေမန်း၏ အကြောင်းကြားမှုအပေါ် ကော်မရှင်က ငြင်းပယ်လိုက်ခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်နာယက၊ သူရဦးရွှေမန်းထံ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးပေးပို့သည့် ဇူလိုင် ၁၆ရက်စွဲပါ အကြောင်းပြန်စာတွင် “နိုင်ငံတော်၏ အရေးအရာကိစ္စရပ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် လွှတ်တော်များ၏ လုပ်ငန်းများအပေါ် ပြောင်းလဲ/အကျိုးသက်ရောက်မှု များစွာမရှိနိုင်သောကြောင့် လည်းကောင်း၊ နိုင်ငံတကာနှင့် နိုင်ငံတော်ပုံရိပ် ကောင်းမွန်စေရေးအတွက်လည်းကောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေကုန်ကျမှု အခြေအနေအရ လည်းကောင်း၊ နောင်တွင် ပေါ်ပေါက်လာနိုင်သည့် အခြေခံဥပဒေပြင်ဆင်ရေး ဆိုင်ရာများနှင့် အတူ ဆန္ဒခံယူပွဲပြုလုပ်မည်ဆိုပါက ပိုမိုသင့်လျော်မည်ဖြစ်၍ လည်းကောင်း၊ ဖွဲ့စည်းပုံအခြခံဥပဒေပုဒ်မ ၅၉၊ ပုဒ်မခွဲ (ဃ)ပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ယခုကာလအတွင်း ကျင်းပခြင်းမပြုသေးဘဲ ခေတ္တဆိုင်းငံ့၍ ထားသင့်ပါကြောင်း အကြံပြုအပ်ပါသည်” ဟု ရေးသားထားသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြခံဥပဒေပုဒ်မ ၅၉၊ ပုဒ်မခွဲ (ဃ)ပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအတွက် နိုင်ငံတော်ဘတ်ဂျက်မှ အနည်းဆုံး ကျပ်သန်းပေါင်း ငါးထောင်နီးပါး(၄၇၂၉ခန့်) ကုန်ကျမည်ဟုလည်း ဦးတင်အေး၏ အကြောင်းပြန်စာတွင် ပါရှိသည်။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ရမည့် ပုဒ်မ ၅၉(ဃ)မှာ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတတို့သည် စစ်ရေးအမြင်ရှိရမည်ဆိုသည့် မူလဥပဒေပြဌာန်းချက်အစား ကာကွယ်ရေးအမြင်ရှိရမည်ဟု ပြည်ထောင်စု လွှတ်တော်တွင် ဇွန်လ ၂၅ရက်က သဘောတူထားခြင်းဖြစ်ပြီး အဆိုပါအချက်ကို သဘောတူ၊ မတူ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရမည် ဖြစ်သည်။
 
ရွေးကောက်ပွဲနှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ပူးတွဲကျင်းပမည်ဆိုပါက တစ်ပြိုင်တည်း အလုပ်နှစ်မျိုး လုပ်ရမည့်အတွက် ပြည်သူများအတွက် ရှုပ်ထွေးစေသည်ဟု အတိုက်အခံပါတီအမတ်ဖြစ်သူ ပုလဲမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က မှတ်ချက်ပြုသည်။

၎င်းက “မဲလည်းပေးရဦးမယ်၊ ဒီဥပဒေကိုလည်း ထောက်ခံရဦးမယ်။ ဒါမှမဟုတ် ကန့်ကွက်ရ ဦးမယ်ဆိုတဲ့အခြေအနေ တစ်ခုအပေါ်မှာ ပြည်သူလူထုအနေနဲ့ တော်တော်ကို ရှုပ်ရှုပ်ထွေးထွေး နိုင်သွားမယ့် အခြေအနေမျိုးမှာ ကျွန်မတို့ ကတော့ ဘယ်လိုအခြေအနေမျိုးပဲဖြစ်စေ၊ ရွေးကောက်ပွဲကိုတော့ ဘယ်လိုနည်းလမ်းနဲ့မှ အထိခိုက်မခံနိုင်ဘူး” ဟု ဆိုသည်။

သူရဦးရွှေမန်းကမူ ဦးတင်အေး၏ အကြောင်းပြန်စာအား လက်ခံ၊ မခံ ဇူလိုင် ၂၂ရက် တွင်ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ကြမည်ဟု လွှတ်တော်အမတ်များကို အသိပေးထားသည်။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ(က)တွင် “ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်တစ်ဝှမ်းလုံး တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပနိုင်ရေးနှင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများကျင်းပရာတွင် ကြီးကြပ်နိုင်ရေးတို့ အတွက် တာဝန်ယူဆောင်ရွက်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား တာဝန်ပေးအပ်ရမည်။ 

ယင်းသို့တာဝန်ပေးအပ်ရာတွင် ကော်မရှင်၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များနှင့် ဆောင်ရွက်ရမည့် အချိန်ကာလကို သတ်မှတ်ပေးရမည်” ဟု ပြဌာန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly