အိုင်အက်စ်အုပ်စုကို အလိမ်အညာအဖွဲ့ဟု အယ်လ်ကိုင်ဒါ ခေါင်းဆောင် ရှုံ့ချပြောဆို

အိုင်အက်စ်အုပ်စုကို အလိမ်အညာအဖွဲ့ဟု အယ်လ်ကိုင်ဒါ ခေါင်းဆောင် ရှုံ့ချပြောဆို

ဇန်နဝါရီ ၆ ။            ။ အစ္စလမ္မစ်နိုင်ငံတော်အိုင်အက်စ်အဖွဲ့မှာ မိမိတို့အဖွဲ့နှင့်ပတ်သက်၍  မဟုတ်မမှန်သပုပ်လေလွင့် ထုတ်လွှင့်ပြောကြားနေလျက်ရှိကြောင်း အယ်လ်ကိုင်ဒါ ခေါင်းဆောင် အေမန် အယ်လ် ဇာဝါဟီရီက ပြစ်တင်ရှုံ့ချသွားခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဇန်နဝါရီလ ၅ ရက်က ထွက်ပေါ်လာသောအသံဖိုင်တစ်ခုကို အမေရိကန်အခြေစိုက် စောင့်ကြည့်အဖွဲ့ SITE Intelligence Group က တွေ့ရှိဘာသာပြန်ဆိုခဲ့ရာတွင် အိုင်အက်စ်ခေါင်းဆောင် အဘူဘက်ကာအယ်လ်ဘဂ္ဂဒါဒီက  ၎င်းတို့အဖွဲ့ကို ထိခိုက်စေရန် မဟုတ်မမှန်ပြောဆိုနေကြောင်း အစွန်းရောက်အကြမ်းဖက်အဖွဲ့ အယ်လ်ကိုင်ဒါခေါင်းဆောင်က စွပ်စွဲသွားသည်ကို   တွေ့ရှိခဲ့ရသည်ဟုဆိုသည်။

သေဆုံးခဲ့ပြီဖြစ်သော အိုစမာဘင်လာဒင် တည်ထောင်ခဲ့သည့် အယ်လ်ကိုင်ဒါအဖွဲ့အနေဖြင့် လက်ရှိအခြေအနေများအရ ဂျီဟက်ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်နေရရင်း အိုင်အက်စ်အုပ်စု၏ လွှမ်းမိုးခြင်းနှင့် ရင်ဆိုင်နေရလျက်ရှိသည်။

အယ်လ်ကိုင်ဒါတို့အနေဖြင့် ရှီးအိုက်တို့အပေါ် ဂိုဏ်းဂဏဆိုင်ရာ တိုက်ခိုက်နေမှုများကို ဆန့်ကျင်ကာ တစ်ဘက်တွင် ခရစ်ယာန်ခေါင်းဆောင်များနှင့် လက်တွဲလုပ်ဆောင်ရန် စီစဉ်နေကြောင်း အိုင်အက်စ်ခေါင်းဆောင်၏ စွဲချက်များနှင့်ပတ်သက်၍ အသက် ၆၅ နှစ်ရှိ ဇာဝါဟီရီက ငြင်းဆန်သွားခဲ့ခြင်းဖြစ်သည်။

" လူလိမ်လူညာတွေဆိုတာက မဟုတ်တာတွေကို အဟုတ်လုပ်ပြီး ပြောမှာပဲလေ" ဟု အယ်လ်ကိုင်ဒါခေါင်းဆောင်က ပြောဆိုခဲ့သည်ဟု ယင်းအသံဖိုင်အရ သိရသည်။

၂၀၁၁ ခုနှစ်က အမေရိကန်ကွန်မန်ဒိုတပ်ဖွဲ့၏ စစ်ဆင်ရေးအတွင်း ကျဆုံးသွားသော အိုစမာဘင်လာဒင်နောက်ပိုင်း အယ်လ်ကိုင်ဒါခေါင်းဆောင်ဖြစ်လာခဲ့သော ဇာဝါဟီရီမှာ ယခုအခါ ပါကစ္စတန်နိုင်ငံတွင်းရှိ နယ်စပ်နေရာတစ်ခုတွင် ရှိနေလိမ့်မည်ဟု ယူဆထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly