ရဲဘော် မင်းဌေးဖမ်းဆီးခံရမှုနှင ့်ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ယုံကြည်မှု လျော့နည်းလာနိုင်ဟု ABSDF ပြော

ရဲဘော် မင်းဌေးဖမ်းဆီးခံရမှုနှင ့်ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ယုံကြည်မှု လျော့နည်းလာနိုင်ဟု ABSDF ပြော
Photo-Ko Min Htay facebook

ချင်းမိုင်၊ ဇန်နဝါရီလ ၆ ။           ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မူကြမ်း (NCA) လက်မှတ်ရေးထိုးထားသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ဗဟိုကော်မတီဝင် ရဲဘော် မင်းဌေးအား မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် အမှုဖွင့်ထားမှု အပေါ် လက်ရှိဖော်ဆောင်နေသော ငြိမ်းချမ်းရေးတည်ဆောက်မှုတွင် ယုံကြည်မှု   လျော့နည်းလာစေသည်ဟု ABSDF က ပြောသည်။

ABSDF ဗဟိုကော်မတီဝင်၊ မြောက်ပိုင်းတပ်ဖွဲ့၏ ကော်မတီဝင် ရဲဘော်မင်းဌေးအား မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ဖြင့် အမှုဖွင့်ထားကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းဦးက လွတ်လပ်တဲ့ အာရှအသံ - RFA (မြန်မာဌာန)သို့ ပြောဆိုထားသည်ဟု သိရသည်။

 “နိုင်ငံရေးအရ ပြောမယ်ဆိုရင် ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့တော့ အားလုံး အန်စီအေ လက်မှတ်ရေးထိုးနိုင်ဖို့ ပါဝင်နိုင်ဖို့၊ အတူတကွ နိုင်ငံရေးဆွေးနွေးမှုမှာ ပါဝင်နိုင်ဖို့ ကျွန်တော်တို့   ဆွေးနွေးနေတာကိုး၊ အဲတော့ ကျွန်တော်တို့က လက်မှတ်ထိုးတဲ့ အဖွဲ့တွေနဲ့ရော မထိုးတဲ့အဖွဲ့တွေနဲ့ရော ဆက်စပ်မှုတော့ ရှိမှာပဲ။ အခုလိုမျိုး ကျွန်တော်တို့ရဲ့ ဗဟိုကော်မတီဝင် တစ်ယောက်ကို အဖွဲ့အစည်းအနေနဲ့ သွားနေတဲ့တစ်ယောက်ကို ၁၇/၁ နဲ့ စွဲဆိုတာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လုံးဝကို သက်ရောက်မှု ရှိမှာပဲ၊ လက်ရှိ အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးအပေါ်မှာ ယုံကြည်မှု နည်းလာစေမှာပဲ ”ဟု ABSDF ဒုဥက္ကဋ္ဌ ရဲဘော် မျိုးဝင်း က ပြောသည်။

ရဲဘော် မင်းဌေးအား မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇/၁ ဖြင့် ကချင်ပြည်နယ် မိုးမောက်ရဲစခန်းတွင် အမှုဖွင့်ခြင်းသည် ABSDF အဖွဲ့ဝင်ဖြစ်၍ မဟုတ်ဘဲ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အကျိုးဆောင်ရွက်ခြင်းကြောင့် ဖြစ်သည်ဟု လွတ်လပ်တဲ့ အာရှအသံ - RFA (မြန်မာဌာန)တွင် ဖော်ပြထားသည်။

"ကျွန်တော်တို့ ABSDF အဖွဲ့အစည်းဖြစ်လို့ မဟုတ်ပါဘူး။ သူ့ရဲ့ လက်ရှိထွက်ဆိုချက်အရ ကျွန်တေ်ာတို့ ဒီမှာစစ်ပွဲဖြစ်ပွားနေတဲ့အချိန်မှာ KIA ရဲ့ အကျိုးငှာ သူဆောင်ရွက်နေတဲ့ အချက်တွေကို တချို့တလေ တွေ့ရှိလို့ ၁၇/၁ နဲ့ အမှုဖွင့်တာဖြစ်ပါတယ်။ ABSDF အဖွဲ့ဝင်ဖြစ်လို့ မဟုတ်ဘူးလို့ သိရပါတယ်"ဟု ရဲမှူးကြီး ထွန်းဦးက လွတ်လပ်တဲ့ အာရှအသံ - RFA (မြန်မာဌာန)တွင် အထက်ပါအတိုင်း ပြောထားသည်။

ကေအိုင်အေနှင့်ပတ်သက်ပြီး ဘယ်လိုအကျိုးဆောင်မှုဆိုသော အချက်အလက်အသေးစိတ် မသိရသေး ဟု ရဲဘော်မျိုးဝင်းက ဆိုသည်။

“ကေအိုင်အေအတွက် ဘာတွေ အကျိုးဆောင်ပေးလဲဆိုတာ အချက်အလက် အသေးစိတ်တော့ မသိသေးဘူး။ ဆိုလိုတာက KIO နယ်မြေထဲမှာ ရှိနေရင်တော့ ကေအိုင်အိုနဲ့ ဆက်စပ်ပြီးတော့ အဲဒီနယ်မြေမှာ ရှိနေတဲ့ ကျွန်တော်တို့ နိုင်ငံရေးအရပဲ ဖြစ်ဖြစ်၊ လုပ်ငန်းအရပဲ ဖြစ်ဖြစ် ဆက်စပ်မှုတော့ ရှိနေကြမှာပဲလေ။ ဘယ်အပေါ်မှာ အမှုဖွင့်တယ်ဆိုတာ အသေးစိတ် မသိသေးတော့ ပြောဖို့ခက်တယ်”ဟု ရဲဘော် မျိုးဝင်းက ဆက်လက်ပြောဆိုသည်။

ကချင်ပြည်နယ်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) က JMC မှတဆင့် ABSDF သို့ ရဲဘော်မင်းဌေး ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ အကြောင်းကြားစာတွင်မူ သူ့အား ၁၇/၁ ဖြင့် အရေးယူထားသည်ဟု ထည့်သွင်းထားခြင်း မရှိသဖြင့် ABSDF အနေဖြင့် မပခ သို့ စာ ထပ်မံ ပေးပို့ထားမှုအပေါ် ပြန်လည် အကြောင်းကြားလာခြင်း မရှိသေးကြောင်း သူက ဆိုသည်။

ရဲဘော်မင်းဌေးသည် အဖွဲ့၏ တာဝန်နှင့် သွားရောက်၍ အပြန် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းက ကချင်ပြည်နယ် ဗန်မော်-လွယ်ဂျယ်ကားလမ်းပေါ်ရှိ စိန်လုံဂိတ်တွင် ဖမ်းဆီးထားခြင်း ဖြစ်သည်။

 ABSDF အဖွဲ့သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က NCA ကို အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ရ ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးခဲ့သော အဖွဲ့ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags